မြိတ်တွင် ရာအိမ်မှူး တစ်ဦး သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သကန်တောင်ပုကျေးရွာတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ရာအိမ်မှူး ဦးကျော်ဒင်၏ အိမ်သို့ ရောက်ရှိလာသည့် လူသုံးဦးက နေအိမ်အရှေ့တွင် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ဦးကျော်ဒင်က အိမ်အပေါ်ထပ်မှာ အိပ်နေတာကို နာမည်ခေါ်ပြီးနိုး တယ်။ ပြီးမှ အိမ်အပြင်ကို ခေါ်ထုတ်တာ။ သူ့သားပါ ထွက်လိုက်လာလို့ အိမ်ထဲ ပြန်ဝင်ခိုင်းလိုက်တယ်၊ ပြီး တော့မှ နောက်ကျောဘက် ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်တာဟု ပြောသည်။

သကန်တောင်ပုကျေးရွာက ရာအိမ်မှူး ဦးကျော်ဒင်မှာ ဇန္နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ပစ်သတ် ခံလိုက်ရခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူ ရာအိမ်မှူး ဦးကျော်ဒင်မှာ အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး စစ်တပ်နှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီက တပ်စွဲထားတဲ့ ရွှေကြက်ယက် ဘုရားတောင်နှင့် သကန်တောင်ပုကျေးရွာ ရာအိမ်မှူး ဦးကျော်ဒင် ၏ နေအိမ်မှာ ဓါတ်တိုင် ၂တိုင်ကျော်ခန့်သာ ကွာဝေးသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ဦးကျော်ဒင် အသတ်ခံရပြီးသည့်နောက် ဇန္နဝါရီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ခန့် ရောက်ရှိလာပြီး အနီးမှ နေအိမ်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့၊ ည ၇နာရီ အချိန်ခန့်ကလည်း မြိတ်မြို့နယ်၊ လသာကျေးရွာရှိ ဘုရားတောင်ပေါ်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသူ တစ်ဦးကို သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ပွဲချင်း ပြီး သေဆုံးသွားကြောင်း လသာရွာသားများက ဆိုသည်။

အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသားမှာ အသက် ၄၀ ခန့် အရွယ်ရှိကာ မြိတ်မြို့နယ်၊ ဘုတ်ချောင်းကျေးရွာမှဖြစ် ပြီး တုံးဗျောကြီးကျေးရွာဘက်မှ လသာကျေးရွာဘက်သို့ ဆိုင်ကယ်နှင့် မောင်းနှင်လာစဥ် ပစ်ခတ်ခံရခြင်း ဖြစ် သည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်ခဲ့သည့် ဘုတ်ချောင်းကျေးရွာမှ အမျိုးသားဖြစ်သူ၏ အလောင်းကိုမူ မြိတ်မြို့သို့ ညတွင်းချင်း သယ်ယူသွားကြသည်ဟု လသာရွာသားများက ပြောသည်။