မံစီမြို့ကို KIA သိမ်းပိုက် ထိန်းချုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

ကချင်ပြည်၊ မံစီမြို့ရှိ လက်ကျန်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူပြီးနောက် ဇန္နဝါရီလ ၈ ရက်နေ့တွင် မြို့အားအပြီး သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

တစ်ကျော့ပြန် ထိုးစစ်တစ်လကျော် အကြာ  ဇန္နဝါရီလ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် မံစီမြို့ကို အပြီး သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း မြေပြင်က သတင်းပို့လာသည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဟုတ်ကဲ့ပါ confirm ဖြစ်ပါပြီ။ မံဂျယ်(မံစီ)က ခမရ ၃၁၉၊ ၆၀၁ ရယ်၊ ဟိုအမတ ၅၂၃ ရယ်ပေါ့နော် confirm ဖြစ်ပါပြီ၊ ၁၁ နာရီ ဝန်းကျင်မှာ။ အားလုံးပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေး အဖွဲ့တွေ ခါတိုင်းလိုပဲ အားလုံးပါပြီး သိမ်းတာပါ။ အားလုံးကြားသိရတဲ့အတိုင်း ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ဗန်းမော်၊ မံစီဘက်ကို တကျော့ပြန်ပြီးမှ တိုက်ပွဲဖော်ဆောင်တာ၊ ဒီနေ့မှရတာဆိုတော့ တစ်လကျော်တာပေါ့ နော်။

KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်နေ့ တစ်လကျော် အကြာ တွင် မံစီမြို့ကို အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ခြင်း ဖြစ်သည်။

မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သည့် ခမရ ၆၀၁၊ ခမရ ၃၁၉ နှင့် အမြောက်တပ် ၅၂၃ တပ်ရင်းဌာနချုပ်တို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တော်လှန်ရေး ပူးပေါင်း တပ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

မြို့ကို သိမ်းပိုက်ပြီ ဖြစ်သော်လည်း လက်ရှိတွင် ပြည်သူများ နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့်အပြင် ထွက် ပြေးနေသည့် စစ်ကောင်စီတပ်သားများကိုလည်း KIA နှင့် ပူးပေါင်းတပ်တို့က လိုက်လံချေမှုန်းနေသောကြောင့် တိုက်ပွဲများ ဆက်ရှိနေသေးသည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူ ကျနော်တို့ အခု မံစီဘက်က စခန်းတွေက သိမ်းလို့ရပါပြီ။ ကျနော်တော့ ဖြည်းဖြည်း ဖြည်း ဖြည်းနဲ့ ပြည်သူလူထု လည်း ကိုယ့်ရဲ့ အိမ်တွေကို ရွာတွေကို ပြန်လို့ရမှာပါ။ ဒါပေမယ့် အခုလောလောဆယ်က တော့ မရသေးဘူး။ တပ်စန်းတွေ သိမ်းတာနဲ့တော့ ပြည်သူလူထုတွေ ပြန်ဝင်လို့ မရသေးဘူး။ အခုက စစ်တလင်း ဖြစ်နေတာ။ အချိန် ကတော့ ယူရမယ်။ စောင့်ရမယ်။ အခုလိုမျိုး သိမ်းနိုင်တာက အားလုံးဝိုင်းဝန်း ကြိုးစားပြီးမှ အားလုံးရဲ့ အောင်ပွဲဖြစ်ပါတယ် ဟု ပြောသည်။ 

မံစီမြို့အပြင် ဗန်းမော်မြို့တွင်လည်း နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပြည်သူများမှာမူ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် အပြင် အချို့မှာ မြို့တွင်း၌ ပိတ်မိနေကြသည်။

မံစီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ကူပေးခြင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး အမြောက်တပ် အမတ-၅၂၃ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြားမှ ယခုကဲ့သို့ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မံစီမြို့သည် ဗန်းမော်-မန္တလေး ကားလမ်းပေါ်က မြို့ဖြစ်ပြီး စစ်ရေးအရ ဗန်းမော်မြို့ကို လုံခြုံရေးယူထားပေး သည့် တပ်ရင်းများ ရှိနေသည့် မြို့ဖြစ်သည်။ မံစီမြို့ကို ၂၀၂၄ ခုနှစ်၊ မေလတွင် KIA က စတင်ထိုးစစ်ဆင်ခဲ့ချိန် မြို့ကို တစ်စုံတစ်ရာ ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ယနေ့တွင် မြို့၌ ကျန်နေသည့် တပ်ရင်းစခန်းများကို အပြတ်ချေမှုန်း တိုက်ခိုက်သိမ်းယူလိုက်ခြင်း ဖြစ်သည်။