လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၃၅၀ နီးပါးသာ လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
စစ်ကောင်စီ ကြေညာသည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်သည့် အရေအတွက်မှာ မြေပြင် အခြေအနေနှင့် ကွဲလွဲနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) က ပြောသည်။
PPNM အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၄၀ ကျော်အား စောင့်ကြည့် စာရင်းကောက်ယူခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား ၂၀၈ ဦး၊ နိုင်ငံရေး အကျဉ်းသူ ၁၃၁ ဦး စုစုပေါင်း ၃၄၄ ဦးခန့်သာ လွတ်မြောက်လာ ကြ သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတစ်ဝှမ်း ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၅၈၆၄ ဦး အား လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်ဟု ၎င်းတို့ လက်အောက်ခံ မီဒီယာများတွင် ဖော်ပြထားပြီး နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ပါဝင်သည်ဟု စစ်ကောင်စီက ပြောခဲ့သည်။
ယင်းပြောကြားချက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည်ဟု (PPNM) ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောသည်။
“မြေပြင်အခြေအနေမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ထောင်အများစုက လွှတ်ပေးခဲ့တာတွေ ရှိတယ်ပေါ့ နော်။ ဗန်းမော်မှာလည်း စစ်ရေးတင်းမာနေတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တယ်။ အဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာတာလည်း မတွေ့ရဘူး။ ပြီးတော့ စစ်တွေမှာလည်း မတွေ့ ရဘူး။ အဲတော့ မြေပြင်အခြေ အနေနဲ့တော့ မဆိုင်ဘူးထင်တယ်။ ကျနော်တို့ ပြောလို့ရတာကတော့ ၅၀၅ ပုဒ်မ တွေ သူတို့ဆီမှာ ရှိတဲ့စာရင်းတွေကို ထည့်တွက်ထားသလားဆိုတာတော့ စစ်ကောင်စီကို မေးခွန်း ပြန်ထုတ်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီလိုမျိုး မေးခွန်းထုတ်လိုက်ခြင်း အားဖြင့် သူတို့တွေရဲ့ မှားယွင်းမှုကို ဒီဖက်ကိုလည်း ရောချ နိုင်တယ်ပေါ့နော်။ ကလိန်ဉာဏ်ဆင်ပြီး ပြန်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”
ထို့အပြင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ထုတ်ပြန်ချက်ထဲတွင်လည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည့် အကျဉ်းသား/သူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲကျခံရမည်ဟု ပါရှိပြီး ၎င်းတို့မှာ မည်သူမည်ဝါ ဖြစ်သည်ဟု ဖော်ပြမထားသဖြင့် ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
“နိုင်ငံရေး အကျဉ်းသား အများစုက လွတ်ရက် နီးတဲ့သူတွေလို့ ပြောချင်ပါတယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်း သားတွေ ထပ်သိရရင်လည်း ထုတ်ပြန်ချက်မှာပဲ Update ထည့်သွားဖို့ပါပဲ။ အဓိကအားဖြင့်တော့ မှတ်တမ်း မှတ်ရာတွေ ကျန်ရှိစေချင်တဲ့ဆန္ဒ ဖြစ်ပါတယ်။ နောက်တချက်က စစ်ကောင်စီရဲ့ လိမ်လည်မှုတွေကို ကျနော်တို့ အနေ နဲ့ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီစာရင်းတွေဟာ အရေအတွက်အားဖြင့်ပဲ ပြု စုနိုင်သေးတာ ဖြစ်တယ်။ နာမည်အသေးစိတ်တွေကအစ ပြုစုဖို့ကြတော့ ဒီကာလ အရမ်းခက်ခဲတယ်ပေါ့။ ဒါ ပေမယ့် ဘယ်လောက် လွတ်လာတယ်၊ ဘယ်လောက်ကျန်သေးတယ် ဆိုတာကိုတော့ ခန့်မှန်းတွက်ချက်နိင်ရေး အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။”
ယခင်နှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ရက်များတွင်လည်း လွတ်ငြိမ်းစာရင်း ပါရှိသည့် နိုင်ကျဉ်းများအား ထောင်အာဏာပိုင်များက အခြား ရာဇဝတ် အကျဉ်းသားများဖြင့် စောင့်ကြည့်ခိုင်းခြင်း၊ သတင်းပို့ခိုင်းခြင်း၊ ပြဿနာများ ဖန်တီး၍ တိုက်ပိတ်ခြင်းများ ပြုလုပ်ဖူးသဖြင့် အလားတူ ဖြစ်ရပ်များ ထပ်မံကြုံရမည်ကို စိုးရိမ်ရ သည်ဟု နိုင်ကျဉ်းဟောင်းများက ဆိုသည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင် ၄၀ ကျော်အနက် ရွှေဘို၊ အိုးဘို၊ မြင်းခြံ၊ ပြည်၊ မအူပင်၊ တောင်ငူ၊ ပခုက္ကူ၊ အင်းစိန်၊ ဟင်္သာတ၊ ကလေး၊ မကွေး၊ ပေါင်းတည်၊ မိတ္တီလာ၊ ဒိုက်ဦး၊ မိုးညှင်း၊ သာယာဝတီ စသည့်ထောင်ပေါင်း ၁၆ ခုသာ ပါဝင်ခဲ့ပြီး ကျန်သည့်ထောင်များတွင် နိုင်ကျဉ်း တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ ဟု PPNM က ကောက်ယူရရှိခဲ့သည့် စာရင်းများအရ သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် ပြုရာ၌လည်း အကျဉ်သားများအား နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ယခင် ပြစ်ဒဏ်ကိုပါ တပေါင်းတစည်းတည်း ကျခံရမည်ဆိုသည့် ကန့်သတ်ချက်နှင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။