ပုသိမ်တွင် တစ်ရက်လျှင် ၃ နာရီသာ လျှပ်စစ်မီးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု မြို့ခံများက ပြော သည်။

တစ်နေ့ကို ၃ ကြိမ်မီးပေးပြီး တစ်ခါမီးလာလျှင် ၁ နာရီကြာခန့်သာ လာသဖြင့် ထမင်းဟင်း ချက်ပြုတ်ရန်ပင် လုံလောက်ခြင်းမရှိပဲ ထင်း၊ မီးသွေးနှင့် ဂက်စ်များကို အသုံးပြုနေကြရသည်ဟု ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်မှ အသက် ၅၀ ကျော်ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ ဇန္နဝါရီလ ၇ ရက်နေ့အထိ တစ်နေ့လျင်လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု မြို့ခံများကပြောသည်။

ပုသိမ်မြို့ ကိုးဆုကျောင်းလမ်းမှ အသက် ၃၀ ကျော် လူငယ်တစ်ဦးက New Year နေ့တုန်းကတော့ ဓါတ်အား ချွတ်ယွင်းမှု တစ်ခုခုကြောင့် မီးပြတ်တယ် ထင်တာပေါ့။ အခုကတော့ တစ်ပတ်ကြာသွားပြီဆိုတော့ မီးပေးချိန် လျော့ချတာ သေချာသွားတယ်။ နှစ်သစ်မှာ မြန်မာပြည်‌သူတွေရဲ့ဘဝ ပိုညစ်သွားပေါ့ ဟု ပြောသည်။

မိတ္တူကူးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက တစ်နေ့ကို ၂၁ နာရီ လျှပ်စစ်မီးပြတ်သဖြင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်ဆုံးရှုံးမှုများနေပြီး လုပ်ငန်းပါ ရပ်ဆိုင်းလိုက်ရသူများ ရှိလာနေပြီဟု  ဆိုသည်။ 

လျှပ်စစ်ရုံးနှင့်နီးစပ်သူတစ်ဦးက တစ်နေ့ကို ၃ နာရီပဲပေးမှာပါ။ ရေအားလျှပ်စစ် ဓါတ်အားစက်ရုံတွေနဲ့

ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားထုတ် စက်ရုံတွေက ဓါတ်အား ထုတ်လုပ်မှု အကြီးအကျယ် လျော့ကျနေတယ် အဲဒါကြောင့် လုံလောက်အောင်ဘယ်လိုမှ မပေးနိုင်တော့ဘူးလေ။ နွေရာသီရောက်ရင် ပိုဆိုးနိုင်သေးတယ် ဟု ပြောသည်။

လျှပ်စစ်မီး ရရှိချိန် လျှော့နည်းသွားသော်လည်း မီတာခမှာ လျှော့ကျသွားခြင်း မရှိဘဲ ယခင်အတိုင်းသာ ကောက် ခံနေသည်ဟု ဆိုကြသည်။

ဓါတ်အားခ ပိုပြီးပေးဆောင်နေခဲ့ရသူ ပုသိမ်မြို့ခံ တစ်ဦးက မီးပေးတဲ့အချိန်‌သာ နည်းသွားတာ။ မီတာခကတော့ တစ်ခါမှ လျော့သွားတယ်ဆိုတာ မရှိဘူး။ မီတာပုံးက ဓါတ်တိုင်ပေါ်မှာဆိုတော့ တောင်းတဲ့အတိုင်း ပေးနေရတာ ပဲ။ မီတာခ သိန်းကျော်လာလို့ တိုင်ပေါ်က မီတာပုံးကို အောက်ပြန်ချတာ ၅ သောင်းပေးရတယ်။ ယူနစ်တွေ ပိုမှတ်ထားတာပါဗျာ။ မနည်းဘူး။ ရုံးကိုသွားရှင်းမှ စာရင်း ညှိပေးမယ်တဲ့ဗျာ ဟု ပြောသည်။

တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓါတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ် ရှိသော်လည်း ဓါတ်အား ထုတ် လုပ်နိုင်မှုမှာ တစ်ရက်လျှင်  ၁၇၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး များ ပြတ်တောက်ပြီး အလှည့်ကျ ဓာတ်အားပေး စနစ်ဖြင့် မီးပေးနေရမှုမှာ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းခန့်သာ ဓာတ်အားထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဝန်ခံ ထုတ်ဖော်ပြောဆိုထားသည်။