ပုလော စရဖရုံးကို ပကဖ စီးနင်းမီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ – စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု  မြို့ခံများက ပြောသည်။

ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ စရဖရုံးကို PDF များက ဇန္နဝါရီလ ၆ ရက်နေ့၊ ည ၁၁ နာရီကျော် အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး အရင်ဆုံး ဝင်ပစ် တာပါ။ သူတို့က လေးငါးချက်လောက်ပစ်ပြီး အကုန်လုံး ထွက်ပြေးသွားတယ်။ လက်နက်တွေတော့ မရခဲ့ဘူး၊ မီးရှို့ခဲ့တယ်။ ရုံးတခြမ်းတော့ မီးလောင်သွားတယ်။ သူတို့ ဘက်က စစ်ကူလာပြီး တိုက်ခိုက်တာမျိုး မရှိပါဘူးဟု ပြောသည်။

စီးနင်းတိုက်ခိုက်ခဲ့မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် စရဖရုံးတွင် စစ်ကောင်စီ တပ်သားများ အပါအဝင် ဝန်ထမ်း ရှစ်ဦးခန့် နေထိုင်ကြသည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဝင်ရောက်စီးနင်းခံရချိန်တွင် စစ်ကောင်စီတပ်ဘက်မှ သေနတ်ဖြင့် ခြောက်ချက်၊ ခုနှစ်ချက်ခန့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီးနောက် စရဖ ရုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ သေနတ်ကျည်ဘောက် နှစ်ခု၊ ကျည်တောင့် တစ်ရာနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။

သေနတ်သံများ ရပ်သွားပြီးနောက် နာရီပိုင်းအကြာတွင် မီးသတ်ကား နှစ်စီးဖြင့် လာရောက်၍ မီးငြိမ်းသတ် သွားကြောင်း မြို့ခံများက ပြောသည်။

ဇန္နဝါရီလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စရဖရုံးအနီးရှိ လမ်းသွယ်များကို စစ်ကောင်စီဘက်က ပိတ်ချထားပြီး မြို့ခံများကိုလည်း ရပ်ကွက်အတွင်းမှ ထွက်ခွာခွင့် မပြုကြောင်း မြို့ခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း ပုလောမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ မြန်မာ့စီးပွားရေး ဘဏ်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဝန်ထမ်းအိမ်ရာ အနီးရှိ မြန်မာ့စီးပွားရေးဘဏ်တို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ သေးသည်။