ထားဝယ်မြို့နယ်အတွင်း ဗုံးကြဲမှုကြောင့် ရွာသား နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။
တိုက်ပွဲမရှိဘဲ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီမှ ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသထဲရှိ မေတ္တာမြို့ တောင်ဘက်ခြမ်းရှိ ကွမ်းချောင်းကြီးကျေးရွာကို ဗုံးသီးနှစ်လုံး ကြဲချသွားခဲ့ခြင်း ဖြစ်သည်။
ဗုံးကြဲချခံရမှုကြောင့် ကျေးရွာအတွင်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည် ဟု ရွာသားတစ်ဦးက ဆိုသည်။ ထို့အပြင် လူနေအိမ်တစ်ဆောင်လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကံကောင်းတယ်လို့ ဆိုရမယ်၊ ရွာသားတွေက ရွာထဲမှာရှိနေတာ၊ ဂျက်ဖိုက်တာလို့ပြောတဲ့ လေယာဥ်နဲ့ ကြဲချတဲ့ ဗုံးတွေက ရွာအလယ်က ဘောလုံးကွင်းနားက အိမ်တွေမှာ ကျ တာ၊ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့” ဟု ပြောသည်။
ဗုံးများမှာ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ အုပ်ချုပ်နယ်မြေ ဖြစ်သည့် ကွမ်းချောင်းကြီး ကျေးရွာ ဘောလုံးကွင်းအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် လေးရက်ခန့်က မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကို ကျောက်မဲတောင် ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အားတစ်ရာခန့်က လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းရန်အတွက် ရောက်ရှိနေသည်ဟု KNU တပ်မဟာ ၄ ၏ မြိတ် – ထားဝယ်ခရိုင်မှ အတွင်းရေးမှူး ပဒို စောအယ်နားက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲတွင်လည်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် စစ်သင်္ဘောကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။
စစ်ကောင်စီတပ်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျောက်နီမော်ရွာထဲရှိ နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု ရွာသားများက ပြောသည်။