မုဒိန်းမှု ကျူးလွန်သူ CDM စစ်သားအား မြိတ် ပ.လ.ဖ က ဖမ်းဆီး တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးရွာတစ်ခုတွင် ခုနှစ်တန်းကျောင်းသူအား မုဒိမ်းပြုကျင့်ခဲ့သူ CDM စစ်သားကို အချုပ်ချပြီး တရားစွဲဆိုထားသည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တာဝန်ရှိသူက ပြော သည်။
တကူကျေးရွာအုပ်စုအတွင်းရှိ ရွာတစ်ရွာတွင် အသက် ၁၅ နှစ်အရွယ် ခုနစ်တန်းကျောင်းသူတစ်ဦး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု တနင်္သာရီမြို့နယ် ပညာရေး ဘုတ်အဖွဲ့က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နေအိမ်တွင် မိဘများမရှိချိန် အဆိုပါနေ့ ည ၉ နာရီခန့်က ခုနစ်တန်းကျောင်းသူ၏ အိပ်ယာထဲသို့ ကျူးလွန်ခဲ့သူ အမျိုးသား ဝင်ရောက်လာကာ လည်ပင်းကို ဓါးဖြင့်ထောက်ပြီး ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ကျူးလွန်ခဲ့သူ အမျိုးသားမှာ အသက် ၃၅ နှစ်အရွယ် စစ်ကောင်စီ တပ်သားတစ်ဦး ဖြစ်ပြီး အာဏာသိမ်းပြီး နောက် ရွာကိုပြန်ရောက်လာသည့် CDM တစ်ဦးလည်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူက စစ်ထဲလိုက်သွားပြီး ရွာမှာမနေတာ ကြာပြီ၊ ပြီးခဲ့တဲ့နှစ်ကမှ CDM လုပ်ပြီး တပ်ကထွက်ပြေးလာတာ။ ရွာကိုပြန်ရောက်လာတော့ PDF တွေက ကူညီကြည့်ရှုပေးထားတာ” ဟု ပြောသည်။
အခင်းဖြစ်ပွားပြီး နောက်နေ့ နံနက်တွင် ကျူးလွန်ခံရသူ ကျောင်းသူကိုယ်တိုင်က မိဘများအား ဖြစ်စဥ်ကို ပြန်လည်ပြောပြခဲ့သဖြင့် တာဝန်ရှိသူများအား အသိပေးတိုင်ကြားခဲ့ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခဲ့သူ အမျိုးသားကို အမှုဖြစ်ပွားပြီး နှစ်ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပလဖတာဝန်ရှိသူက ဆိုသည်။
ပြစ်မှုကျူးလွန်ခဲ့သူ အမျိုးသားကို တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ မြို့နယ်တရားရေး အဖွဲ့မှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားပြီး တရားစီရင်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးကို ဆက်လက် လုပ်ဆောင် နေကြသည်ဟု တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အဓမ္မကျူးလွန်ခြင်းခံရသည့် ကျောင်းသူကို လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် စောက်ရှောက် မှုများကို မြို့နယ် – ပ.လ.ဖ အဖွဲ့မှ လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။