စစ်ကောင်စီ၏ ရိက္ခာဆန် အိတ် ၃၀၀၀ နီးပါးကို ပင်လယ်ပြင်တွင် KNU ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
စစ်ကောင်စီ၏ ရိက္ခာ ဆန်အိတ် ၃၀၀၀ နီးပါး ကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ် ပြင်တွင် KNU က ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီတပ်၏ ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်ကို စက်လှေပေါ်တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု KNU တပ်မဟာ (၄) မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နားက ပြောသည်။
ပဒိုစောအယ်နားက “စက်လှေထဲမှာ ပါလာတာ။ အားလုံး ၇ ယောက်ပါပဲ။ သူတို့ကို လောလောဆယ်တော့ ထိန်း သိမ်းထားတယ်။ အရပ်သားတွေ ဖြစ်နေတော့လည်း အရေးယူဖို့ကခက်နေပြန်တယ်” ဟု ပြောသည်။
ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်နှင့် ရိက္ခာပစ္စည်းများ သယ်ဆောင်လာသည့် မြတ်သီရိအောင် အမည်ရှိ စက်လှေ တစ်စီးကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ်ပြင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ဇန်နဝါရီလ ၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ခြင်း ဖြစ် သည်။
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။
စစ်ကောင်စီတပ်အတွက် ရိက္ခာများ တင်ဆောင်လာသည့် စက်လှေကိုမူ KNU က သိမ်းဆည်းထားပြီး စက်လှေ မှာ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးရှိန်ညွန့် နှင့် အဆက်အသွယ်ရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီက ပြည်သူများ၏ ကားများ၊ စက်လှေများကို ချောဆွဲ၍ ပစ္စည်းများပို့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် လူနာပို့ ခြင်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီ၏ မေတ္တာဗျူဟာကုန်း စခန်းသို့ ပို့ဆောင်မည့် ဆန် ၆၈ အိတ်၊ ဆီနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ရိက္ခာကားတစ်စီးကို ထားဝယ်မြို့ နယ်၊ ဟိန္ဒူးချောင်းကျေးရွာ အနီးတွင် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သေးသည်။