စစ်မှုထမ်းခေါ်ဆိုမှု နာဂဒေသမှ လိုက်ပါသူ မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။ 

နာဂဒေသတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက တစ်ဦးကို ငွေကျပ် သိန်း ၃၀ ပေးပြီး ခေါ်ယူစုဆောင်းနေ သော်လည်း လိုက်မည့်သူ မရှိသေးဟု ဒေသခံများက ပြောသည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် လူဦးရေ ၂ ဦးမှ ၅ ဦးနှုန်းဖြင့် စစ်မှု ထမ်းရန်အတွက် ဇန်နဝါရီလအတွင်း မြို့နယ်ထွေအုပ်ရုံးမှ စာထုတ်ကာ ခေါ်ယူနေကြောင်း လေရှီး ဒေသခံများက ပြောသည်။

လေရှီးမြို့ခံ အမျိုးသား တစ်ဦးက ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက ကျနော့် နာမည်လည်း ပါတယ်။ ကျနော် တို့ ရွာက ငါးယောက်လို့ ပြောတယ်။ လူဦးရေပေါ်မူတည်တယ်။ ရွာတိုင်းတော့ မဟုတ်ဘူး။ သွားတဲ့ လူတော့ မရှိဘူး။ စာက အုပ်ချုပ်ရေးမှူးတွေဆီက တစ်ဆင့်ရောက်တာဟု ပြောသည်။

နိုင်ငံတဝှမ်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူစုဆောင်းမှုများ၊ ခေါ်ယူမှုများ လုပ်နေပြီ ဖြစ်သော် လည်း လေရှီးမြို့နယ်အတွင်း ယခုအကြိမ် စစ်မှုထမ်းခေါ်ယူခြင်းမှာ ၆ ကြိမ်မြောက် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခု ၆ ကြိမ်မြောက် စစ်မှုထမ်းခေါ်ဆိုမှုတွင် စစ်မှုထမ်းရန် လိုက်ပါသူများအား ငွေကျပ်သိန်း ၃၀ ပေးမည်ဖြစ်ပြီး စစ်မှုထမ်းမသွားပါက အိမ်တိုင်ရာရောက် ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေသည်ဟု လေရှီးမြို့ ဒေသခံများက ပြောသည်။

လေရှီးမြို့ခံ အမျိုးသားက သတင်းတော့ သေချာတယ်။ အခုကျေးရွာ တစ်ရွာကို မဲနှိုက်ပြီး နှိုက်လို့ရတဲ့ သူကို မြန်မာငွေ သိန်း ၃၀ ပေးပြီး စစ်ကောင်စီက ခေါ်ဆောင်သွားမယ် ပေါ့နော်။ တကယ်လို့ ခေါ်လို့မရရင် ကိုယ်တိုင် လာပြီး လာဆွဲယူမယ်တဲ့။ ကျနော်တို့ဆီမှာတော့ ယောက်ကျားလေးတွေပဲ ခေါ်တာ ဟု ပြောသည်။

လေရှီးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၆၂ ရွာရှိပြီး လေရှီးမြို့နှင့် ဆွမ္မရာမြို့ ဟူ၍ရှိပြီး ကျေးရွာတစ်ရွာ လျှင် အနည်းဆုံး တစ်ဦးနှုန်း လိုက်ပါရန် ခေါ်ယူနေကြောင်း လေရှီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လေရှီးမြို့နယ်မှာ အခုတစ်ခါ စစ်ကောင်စီက စစ်မှုထမ်းဖို့ခေါ်နေပြန်ပြီးလေ။ တစ်ရွာတစ်ယောက် စာရင်း ပေးပါဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သတင်းပေးပို့ထားတယ်လို့ ကြားတယ်။ အခုက ရွာတိုင်းကို စာပို့ ထားပြီး မရရင် မြို့နယ်က ဆင့်ခေါ်မယ်ပြောတယ် ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်း ခေါ်ဆိုမှု ၅ ကြိမ်တွင် လေရှီးမြို့နယ်မှ စစ်မှုထမ်းသွားသူ ၁၀ ဦး ရှိခဲ့ပြီး နာဂဒေသမှ စစ်မှုထမ်း သွားသူများသည် မုံရွာမြို့နှင့် မန္တလေးမြို့တို့တွင် စစ်သင်တန်း တက်ကြရသည်ဟု စစ်မှုထမ်းပါ သွားသူများ၏ မိဘဆွေမျိုးများက ဆိုသည်။

စစ်မှုထမ်း ဥပဒေ ထုတ်ပြန် အသက်သွင်းပြီးနောက် အစောပိုင်း ခေါ်ဆိုမှုများတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နန်းယွန်းမြို့ နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ ပြည်သူအချို့မှာ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူများပင် ရှိခဲ့သည် ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှ စစ်မှုထမ်း သွားသူ အယောက် ၁၀၀ ကျော်ရှိခဲ့ပြီး လဟယ်မြို့နယ်က တစ်ဦးမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရှေ့တန်း တစ်နေရာ၌ သေဆုံးသွားခဲ့သည်။