ရမ်းဗြဲလေကြောင်းတိုက်ခိုက်မှု အရပ်သား ၄၁ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား ယမန်နေ့ (ဇန္နဝါရီ ၈) နေ့လည် ၁ နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ရွာ၏ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းရပ်ကွက်တို့ရှိ လူနေအိမ် များ ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် မြေပြင်အရင်းအမြစ် တစ်ဦးက “၅၂ ဆိုတာက အခုဆေးရုံမှာ ရောက်နေသလောက်ပေါ့နော်။ မနေ့ညရော ဒီနေ့ရော အခြေအနေတွေ ရှုပ်ထွေးနေလို့ မကောက်နိုင်သေးဘူး။ စာရင်းကတော့ ဒီထက်များမှာပါ။ အလောင်းမတွေ့သေးတာတွေနဲ့ ဆိုတော့။ ဆေးရုံမှာလည်း အရက်ပြန်တွေ၊ ဆေးတွေ ပြတ်နေပြီ” ဟု ပြောသည်။
ထို့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ထိခိုက်ပျက်စီးနိုင်ခြေရှိပြီး လက်ရှိတွင် ဆေးနှင့် ဆက်စပ်ပစ္စည်း အကူအညီများ အရေးပေါ် လိုအပ်နေကြသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်မှာ ရခိုင်ပြည်အတွင်း လေကြာင်းတိုက်ခိုက်မှုများ အနက် အရပ်သား ထိခိုက်မှု အများဆုံးဖြစ်ပြီး ထိခိုက်သူများမှာ မူဆလင်လူမျိုး အများစု ဖြစ်သည်။
ကျောက်နီမော်ကျေးရွာတွင် နေထိုင်သူတစ်ဦးက “ဆုံးတာက ကလေးတော်တော် များတယ်။ ၁၈ အောက်တွေ ၁၀ အောက်တွေရော။ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ ဒီတိုင်းနေ့လည်ခင်း အချိန်ကြီး ရုတ်တရက် လာကြဲသွား တာပါ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထု နေထိုင်နေသည့် ကျေးရွာအား ပစ်မှတ်ထား ဗုံးကြဲမှုကြောင့် လူအများ အပြား သေဆုံးရခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း အာရက္ခတပ်တော်( AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။
ရမ်းဗြဲမြို့ကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရခိုင်တပ်တော် (AA)က သိမ်းယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် AA ထုတ်ပြန်ချက်အား စစ်ကောင်စီဖက်မှ မလိုက်နာသည့်သဘော ပြသသည့် အနေဖြင့် ယခုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ရခိုင်စစ်ရေး ကျွမ်းကျင်သူ အချို့က သုံးသပ်မှုများ ရှိနေသည်။
(ဓါတ်ပုံ – Arakan Princess Media)