ကရင်နီ ပြည်တွင် တိုက်ပွဲ မရှိသည့် အရပ်သားများအား တိုက်ခိုက်မှုများ ပိုများလာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။ 

ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှုများ ၂၀၂၄ ခုနှစ်အတွင်း ပိုလုပ်လာခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် မြေပြင်ရှိ စစ်ရေး သတင်းအရင်း အမြစ်များက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုပုံစံမှာ ပြောင်းလဲလာပြီး အချိန်မရွေး နေရာမရွေး တိုက်ခိုက်မှုများ လုပ် လာနေခြင်းသည် ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းခန့်မှ စတင်ကာ သိသာစွာ ပြောင်းလဲလာသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှုး – ၂ ဦးဗညားက ပြောသည်။

“စစ်ကောင်စီကလည်း အရင်ကလို မဟုတ်တော့ဘူး။ ချက်ချင်းလာ ချက်ချင်းဗုံးကြဲပြီးမှ သွားတဲ့ဟာတွေ ကင်းထောက်တဲ့ သေချာထောက်ပြီးမှ ဗုံးကြဲတာတွေ၊ နောက်တစ်ခု တစ်ချို့နေရာတွေမှာ ရမ်းသမ်းပြီး ဗုံးကြဲ တာတွေ ရှိတော့ ခန့်မှန်းရ တော်တော်ခက်ပါတယ်။”

ယခင်က စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မလုပ်ခင် နှစ်ကြိမ်ခန့် ကင်းထောက်ပျံဝဲခြင်းများ ပြုလုပ်ပြီးမှ ကြဲချလေ့ရှိသောကြောင့် တိမ်းရှောင်ချိန် ရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကဲ့သို့ မဟုတ် တော့ဟု ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း လွိုင်ကော်အရှေ့ခြမ်းနှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်း နေရာတို့ ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ခံ စောတာအယ်စိုးက ပြောသည်။

“၂၀၂၄ နှစ်ကုန် ဒီဇင်ဘာလရယ်၊ နှစ်သစ်ကူးညမှာပေါ့နော် ဒီဇင်ဘာလ ၃၁ ညမှာ လွိုင်ကော် အရှေ့ဖက်ခြမ်းမှာ တစ်ခါကြဲတယ်။ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ တစ်ခါကြဲတယ် နှစ်သစ်ကူးမှာပဲ။ ဒီးမော့ဆို အနောက်ဖက် ခြမ်းကို နောက်တစ်ခါလာကြဲတယ်။ နောက်ပြီးတော့မှ ဖယ်ခုံ၊ ပီကင်းမှာပေါ့နော်၊ ၃ ရက်နေ့တုန်းက နှစ်ခါ လာ ကြဲတယ်။ စုစုပေါင်း အားလုံး ၇ ခါပေါ့နော်။”

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာထဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု စောတာအယ်စိုးက ပြောသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်ထဲက တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည့်နေရာများ၊ စစ်ရေးပစ်မှတ် မဟုတ် သည့် အရပ်သားပြည်သူများ နေထိုင်သော နေရာများနှင့် စစ်ရှောင်စခန်းများအား လေကြောင်းမှ တစ်ဆင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကို ပုံမှန်လုပ်ရပ်တစ်ခုကဲ့ လုပ်လာသည်ဟု စောတာအယ်စိုးက ဆိုသည်။

စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကတော့ ကျနော်တို့ ပြည်နယ်မှာဆို မထူးဆန်း တော့ဘူးလို့တောင် ပြောလို့ရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ဘက်က တိုက်ပွဲရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဒီကရင်နီပြည်ထဲက မြို့နယ်တွေ စစ်ရှောင်စခန်းတွေ ရွာတွေကို တိုက်ခိုက်တာတော့ သူတို့ရဲ့ ထုံးစံလို ဖြစ်နေပြီ။”

ကရင်နီ လူ့အခွင့်ရေးအဖွဲ့ KnHRG ၏ စာရင်းအရ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် အတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၄၁ ဦး အထိရှိခဲ့သည်။

ထိခိုက်သေဆုံးသူများထဲ၌ ကလေးငယ်များ အများဆုံးပါဝင်ပြီး ၁၇ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသမီး ၁၀ ဦးလည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၁၀၇ ဦး ရှိခဲ့သည်ဟု KnHRG က ဆိုသည်။

ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်နေမှုများသည် ပြည်သူများအား အကြောက်တရားဖြင့် ခြိမ်းခြောက်ပြီး ရန်သူကဲ့သို့ သဘောထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောသည်။

“သူတို့ရဲ့ Mind sent ထဲမှာ လူတွေကို ကြောက်အောင် ခြောက်ဖို့ပေါ့နော် ဒါတစ်ခုဖြစ်မယ်။ ပြည်သူတွေက သူတို့ဘက်ကို ပြန်ပြီးရပ်တည်လာအောင် ပေါ့နော်။ သူတို့ လုပ်နေကြသူတို့ရဲ့ ဗျူဟာဖြစ်တယ်။ ပြီးတော့ ပြည် သူကလည်း သူတို့ရဲ့ ရန်သူပဲလို့ အဲ့လိုမျိုး သတ်မှတ်လာတာ ရှိတယ်ပေါ့နော်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လူထုအုံကြွမှု တအားကြီးမားတော့ သူတို့ကို လက်နက်ကိုင်ပြီးတော့ တော်လှန်တဲ့သူတွေ သူတို့ရန်သူပဲ ပြည်သူတွေလည်း သူတို့ ရန်သူပဲ ဒါကသူတို့ရဲ့ သတ်မှတ်တဲ့ စံနှုန်းတစ်ခုပေါ့။”

စစ်ကောင်စီ၏ အရပ်သားပြည်သူများ အပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး ထိုလုပ်ရပ်များအတွက် စစ်ကောင်စီအား အရေးယူနိုင်ရန် နိုင်ငံတကာကို တောင်းဆိုမှုများ လုပ်နေပြီဟု ဆိုကြသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံ၊ မိုးဗြဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အရေအတွက်မှာ ၁,၇၆၅ ကြိမ်၊ အရပ်သား သေဆုံးမှု ၅၃၆ ဦး ရှိခဲ့သည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) အဖွဲ့က ဇန္နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – Khun Yaw han