ရန်ကုန်-ကော့သောင်း လေယာဉ်ခ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။
ရန်ကုန် – ကော့သောင်းခရီးစဉ် လေယာဉ်လက်မှတ်ခများ ဈေးတက်သွားသောကြောင့် ခရီးသည်များ အခက်ကြုံနေကြရသည်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများတွင် လေယာဉ် လက်မှတ်ခများ ဈေးနှုန်းမြင့်တက်လာသည်ဟု လေဆိပ်နှင့် နီးစပ်သူများက ပြောသည်။
ယခင် ကျပ် ၇ သိန်းဝန်းကျင်မှ ၂၀၂၅ ခုနှစ်အတွင်း ကျပ် ၈ သိန်းကျပ်အထိ မြင့်တက်လာခြင်း ဖြစ်ပြီး မြို့နေ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စများ သွားလာရန်အတွက်ပင် ခက်ခဲသွားပြီဟု ဆိုသည်။
ကော့သောင်းမြို့၊ လေဆိပ်အနီး နေထိုင်သည့် အမျိုးသား တစ်ဦးက “တစ်ယောက် ၈ သိန်းဆိုတော့ ဆေးခန်းပြ ဖို့တောင် တော်တော်စဉ်းစား ယူရမယ်။ ကားနဲ့ကျတော့လည်း လမ်းကြေးနဲ့ ဘာနဲ့ဆိုတောင် တစ်ဝက်နီးပါး လောက်ပဲ။ ခေတ်အခြေအနေအရ ကျန်းမာရေး ဖြစ်ရင်တောင် အသက်ရင်းရမယ့် သဘောပဲ” ဟု ပြောသည်။
ရန်ကုန် – ကော့သောင်း လေယာဉ် လက်မှတ်ခများမှာ ၂၀၂၄ ခုနှစ် ဇန္နဝါရီလအတွင်း ၄ သိန်းခွဲ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ဧပြီလတွင် ၅ သိန်းကျပ်ဝန်းကျင်၊ မေလတွင် ၆ သိန်းကျပ်ဝန်းကျင်၊ ဩဂုတ်လတွင် ၇ သိန်းကျပ် ဝန်းကျင်နှင့် လက်ရှိ ၂၀၂၅ ခုနှစ်တွင် တစ်လခွဲအတွင်း ကျပ် ၈ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။
ရန်ကုန် မှ ကော့သောင်းသို့ ကားဖြင့်သွားလာပါက စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်ပေါင်း ၃၀ ကျော်အထိ ဖြတ်ရပြီး စစ်ဆေးရေးဂိတ် တစ်ဂိတ်လျှင် အနည်းဆုံး ၅ ထောင်ကျပ်မှ သောင်းဂဏန်းအထိ ပေးဆောင်နေရ သည်ဟု ယဉ်မောင်းများက ပြောသည်။
သို့ဖြစ်၍ တစ်ဦးလျှင် ခရီးစဉ်အတွင်း ဂိတ်ကြေး၊ လမ်းကြေးများ စုစုပေါင်း တစ်သိန်းခွဲကျပ်အထိ ပေးဆောင် ရသည့် အပြင် တနင်္သာရီတိုင်း မှတ်ပုံဝင် (၆/)မှအပ စစ်ကိုင်း၊ မကွေးနှင့် ချင်းမှတ်ပုံတင်များကို တင်းကြပ်စွာ စစ်ဆေးနေသဖြင့် စိုးရိမ်ပူပန်နေရသည်ဟု သွားလာခဲ့ဖူးသည့် ခရီးသည်တစ်ဦးက ပြောသည်။
“ကားပေါ်တက်လာတာနဲ့ တနင်္သာရီ မှတ်ပုံတင်မဟုတ်ရင် တောင်းတော့တာပဲ။ ခင်ဗျား မပေးဘူးလားရတယ်။ ဒါကြည့်ထား လက်ညိုးကွေးတဲ့ ပုံစံလုပ်ပြတာ။ လေကြောင်းက အန္တရာယ် ပိုကင်းတာပေါ့။ တစ်သိန်းကျော် လောက် ဈေးတက်တာက စီးနိုင်တဲ့သူအတွက်ဆို မပြောပလောက်ဘူးလေ။”
ထို့အပြင် ကားဖြင့် သွားလာသူများအား မသင်္ကာမှု အကြောင်းပြပြီး ဖုန်းများကို စစ်ဆေး၍ ဖမ်းဆီးခြင်း၊ ထိုင်းနိုင်ငံသို့ ထွက်ပြေးမည့် ဝရမ်းပြေးဟု စွပ်စွဲဖမ်းဆီးခြင်းများနှင့် ကြုံနေရလေ့ရှိပြီး ခရီးသည်များအနေဖြင့် လေကြောင်းဖြင့် သက်သက်သာသာ ပြန်လည်သွားလာရေးအတွက် လေယာဉ်လက်မှတ်ခများ ဈေးနှုန်းကျ ဆင်းလာရန် မျှော်လင့်နေကြသည်။
အလားတူ ကော့သောင်းနှင့် နီးစပ်သည့် ရန်ကုန် – မြိတ်၊ ရန်ကုန် – ထားဝယ် လေကြောင်းလိုင်းများမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျပ် ၄ သိန်းခွဲဝန်းကျင်နှင့် ကျပ် ၃ သိန်းဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်အတွင်း ကျပ် ၅ သိန်းနှင့် ကျပ် ၃ သိန်းခွဲအထိ အသီးသီးဈေးနှုန်း မြင့်တက်လျက်ရှိသည်။
လက်ရှိ ရောင်းချနေသည့် ရန်ကုန် – ကော့သောင်းခရီးစဉ် လေယာဉ် လက်မှတ်ခများမှာ ရန်ကုန် – ဘန်ကောက် ခရီးစဉ် (ကျပ် ၆ သိန်း)ထက်ပင် ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ လေကြောင်းလိုင်းများ အပေါ် ဒေသခံများနှင့် ခရီးသည်များ ပြောဆိုဝေဖန်နေကြသည်။