ပုသိမ်မြို့နယ်ထဲက မကျီးဇင်ကျေးရွာကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက မကျီးဇင်ကျေးရွာကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင် စီ ကြည်း၊ ရေ၊ လေ တပ်များက ပူးပေါင်းကာ ပြန်လည် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
မကျီးဇင်ကျေးရွာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန္နဝါရီလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့ ရာ ထိုနေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာရှိ ရဲစခန်းမှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသဖြင့် ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု မကျီးဇင်ဒေသခံအချို့ကပြောသည်။
မကျီးဇင်ကျေးရွာအုပ်စုပ်ထဲက ဂျိုင်လယ်ကျေးရွာမှ မျက်မြင်တွေ့ရှိသူတစ်ဦးက “ညဘက်မှာ Y 8 လာပြီး ဗုံးကြဲ သွားတယ်။ အခုမနက်ပိုင်းမှာ ရေတပ်က သင်္ဘော ၈ စီးက ရင်ပေါင်တန်းပြီး ရွာကို အမြောက်တွေနဲ့ ပစ် တာ။ ကမ်းထိုး တစ်စီးလည်း စစ်သားတွေနဲ့ အသင့်ရှိနေတာ မြင်ရတယ်။ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက် မယ့် သဘောပဲ” ဟု ပြောသည်။
ထို့နောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် မကျီးဇင်ကျေးရွာအတွင်းရှိ ကျောင်းသစ် ဘုန်းကြီးကျောင်း၊ ရဲစခန်း၊ အထက်တန်းကျောင်းနှင့် ဆေးရုံတို့မှာ စစ်ကောင်စီရေတပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည်။
ကျေးရွာအတွင်း ကျန်ရှိနေသူတစ်ဦးက “မနေ့က စစ်သားတွေ ရဲတွေ ပြေးသွားတော့ မြေထိုးစက် ၂စီး ကားပေါ် မှာ စက်သေနတ်ပါတဲ့ ကား ၂စီးနဲ့ အတွဲလိုက်ပစ်တဲ့ ဟောင်ဝစ်ဇာကြီးထင်တယ် ကျန်နေခဲ့တယ်” ဟု ပြော သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စွန့်ပစ်သွားသည့် လက်နက်ကြီးများနှင့် မြေထိုးစက်များကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခြင်း မရှိစေရန် လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်း၊ ရေတပ်မှ အမြောက်နှင့် ပစ်ခတ်ကာ ဖျက်ဆီးခြင်းတို့ ဖြစ်နိုင်ကြောင်း၊ ထို့အပြင် တံတားကိုလည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။
မကျီးဇင်မှ စစ်ရှောင်လာသူ တစ်ဦးက “ရွာက အိမ်ခြေ ၆၀၀ လောက်ရှိတာ ရွာကြီးပေါ့ အကုန်ပစ်ပြီး ပြေးလာ ခဲ့ရတာ။ ရွာမှာ ကုန်စုံဆိုင်ရောင်းတဲ့ တစ်ယောက်တော့ မပြေးဘဲ ကျန်ခဲ့တာ။ သေလား ရှင်လား မသိ အခုတော့ ဆက်သွယ်လို့ကို မရတော့ဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးဖြစ်သည့် ဂွမြို့ကို အာရက္ခတပ်တော် က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက  ဧရာဝတီတိုင်းအတွင်းသို့ဆုတ်ခွာလာကြခြင်း ဖြစ်သည်။
ပေါက်တူးချောင်းကျေးရွာမှ စစ်ရှောင်တစ်ဦးက “စစ်သားရောရဲရော အကုန်ပါပဲ အမိန့်မနာခံကြတော့ဘူး။ စိတ် ထင်ရာလုပ်ကြတော့တာ ထိန်းမဲ့သူလဲမရှိဘူးထိန်းလို့လဲမရတော့ဘူး အဲဒီအချိန်ထဲက အန္တရာယ် ကြီးတယ် ဆိုပြီး မိသားစုလိုက် ရွာက ပြေးလာခဲ့တာ” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဧရာတိုင်းအစပ်ဖြစ်သည့် ပုသိမ်မြို့နယ်အတွင်းမှ ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ အမော်ကြီး၊ ကုလားချောင်း၊ ပေါက်တူးချောင်း၊ သံမန်ချိုင်နှင့် မကျီးဇင်ကျေးရွာများမှ စစ်ရှောင်ပြည်သူများမှာ သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်းသာနှင့် ပုသိမ်မြို့များသို့ စစ်ရှောင် ရောက်ရှိနေကြသည်။
 
					 
					