စစ်ကောင်စီစစ်ကြောင်းက ရွာသားသုံးဦးကို ဖမ်းဆီးရိုက်နှက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။
မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ မဇောကျေးရွာအုပ်စု၊ သကန်ကျေးရွာဟောင်းဘက်သို့ စစ်ကြောင်းထိုး ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က ရွာသားသုံးဦးကို ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု ရွာသားများက ပြောသည်။
ရိုက်နှက် စစ်ဆေးခြင်း ခံခဲ့ရသူများမှာ ရာဘာခြံတွင် အလုပ်လုပ်ကိုင်နေသူ၊ စိုက်ခင်းတွင် အလုပ်လုပ်နေသူနှင့် ကွမ်းခြံ၌ အလုပ်လုပ်နေသည့်သူများ ဖြစ်ကြပြီး စစ်ကြောင်းဝင်လာသည့် လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကို ခံခဲ့ရသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကိုယ်ခန္ဓာတွေမှာလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရ တယ်၊ စစ်ဖိနပ်တွေနဲ့လည်း ကန်ခံထိထားတော့ မျက်နှာတွေလည်း ဖူးယောင်နေကြတယ်” ဟု ပြောသည်။
ရွာသားများအား ဖမ်းဆီးရိုက်နှက်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းမှာ ဇန္နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က တုံးဗျောငယ်ကျေးရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုး ရောက်ရှိလာကြခြင်း ဖြစ် သည်။
စစ်ကောင်စီ စစ်ကြောင်းက အင်အား ၇၀ ခန့် ပါဝင်ပြီး သကန်ကျေးရွာဟောင်း အနီးတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၃၀ ခန့်အရွယ်၊ ရွာသား ၃ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းမှာ ဇန္နဝါရီလ ၁၀ ရက်နေ့၊ ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် သကန်ကျေးရွာဟောင်းမှ ပြန်လည် ထွက်ခွာသွားချိန်ကြမှ ဖမ်းဆီးရိုက်နှက်ခံထားရသည့် ရွာသားသုံးဦးကို ပြန်လွှတ်ပေးထားခဲ့ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းက သကန်ကျေးရွာဟောင်းမှ ထွက်ခွာရာတွင်လည်း ကျေးရွာအနီး ရှိ ရော်ဘာ ဥယျာဥ်ခြံ သုံး ကားနှစ်စီးကိုပါ ချောဆွဲ၍ ကြေးနန်းတိုင်ကျေးရွာဘက်သို့ ထွက်ခွာသွားကြသည်။
ဇန္နဝါရီလ ၄ ရက်နေ့၊ ညပိုင်းက သကန်တောင်ပုကျေးရွာမှ ရာအိမ်မှူးတစ်ဦး အသတ်ခံရပြီး ကတည်းက မဇော ကျေးရွာအုပ်စု အတွင်းရှိ ရွာများကို အဆိုပါ စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။