ပုလောတွင် လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက် ခိုက်မှုများ အပြင်းအထန်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

မြိတ် – ပုလော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘုတ်ကျေးရွာ အခြေစိုက် ခလရ – ၁၇ တပ်ရင်းနှင့် စစ်ကောင်စီ တပ် အခြေချတပ်စွဲထားသည့် စက်တော်ရာကျေးရွာတို့အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ လေကြောင်းမှပါ တိုက်ကူခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ခလရ‌ ၁၇ တပ်ရင်းကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဇန္နဝါရီလ ၉ ရက်နေ့၊ နံနက် ၈ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၂ နာရီအတွင်း စစ်ကောင်စီ ဘက်မှ လေကြောင်းဖြင့် ၂ကြိမ်၊ စုစုပေါင်း ဗုံးသီး ၁၆ လုံးအထိ ပစ်ခတ်ကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။

တစ်နေ့တည်းမှာပင် စက်တော်ရာကျေးရွာထဲ၌ တပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသား  ကာကွယ်ရေးတပ် – KNDO တပ်ရင်း(၇)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ပူးပေါင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင် စစ်ကောင်စီဘက်မှ နံနက် ၈ နာရီမှ ညနေ ၆ နာရီခန့်အချိန်ထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံးရေ ၇၀ ခန့်အထိ ကြဲချပစ်ကူခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စက်တော်ရာရွာထဲက အိမ်‌သုံးလုံးနဲ့ ဘုရားတဝိုက် မီးလောင်တာတွေ ရှိခဲ့တယ်။ လက်ရှိမှာ ထမင်းဆိုင်တစ်ဆိုင်ကို စစ်တပ်က မီးရှို့ထားသေးတယ်လို့ သိရတယ်၊ အပျက်အစီးကတော့ အခြေအနေ မတည်ငြိမ်သေးတော့ အတိအကျ မသိရသေးဘူး ဟု ပြော သည်။

လက်ရှိတွင် စက်တော်ရာကျေးရွာ၌ စစ်ကောင်စီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကားလမ်းကိုလည်း ပိတ်ထားသည်ဟု ရွာသားများက ဆိုသည်။

ခလရ ၁၇ တပ်ရင်းကို တိုက်ခိုက်ရာတွင် အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား သုံးဦးကျဆုံးခဲ့ပြီး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ခွာစစ် ဆင်နိုင်ခဲ့ သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကြဲကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးတင်းမာနေသည့် စက်တော်ရာကျေးရွာသို့ အင်အား လာပေါင်းထားပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး နှစ်ဖက် စစ်ရေးတင်းမာလျက် ရှိနေသည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူက ဆိုသည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် ကြဲ၊ စက်တော်ရာနှင့် ဘုတ်ကျေးရွာများမှ ရွာသားများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။