မွန်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ယခင် ၃ နှစ်တာ စုစုပေါင်းထက် ပိုများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြု တိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု မွန်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက ပြောသည်။
အဆိုပါ အကြိမ်ရေ ၄၂ ကြိမ်မှာ ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း ၃ နှစ်တာကာလ တိုက်ခိုက်ခံရမှုထက် အကြိမ်ရေပိုများလာခြင်း ဖြစ်သည်ဟု ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် လဂွန်းအိမ် စာစဉ်၏ မွန်ဒေသ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
မွန်ပြည် လူသားချင်း စာနာမှု ကွန်ယက်အဖွဲ့ (MSHN)က မိဆောင်းက “ခြေမြန် စစ်သည်တွေကလည်း ရှေ့တန်း သွားရင် ထွက်ပြေးတာရယ်၊ သေတာရယ်၊ အလံဖြူထောင်ပြီး အလင်းဝင်နေကြတာ ဆိုတော့ အားကိုးစရာ လေကြောင်းတိုက်ခိုက်မှုပဲ ရှိနေတာဖြစ်တဲ့တွက် နောက်ပိုင်း ပိုပြီးဆိုးရွားဖို့ပဲ ရှိပါမယ်လို့ ထင်မြင်မိပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၁ ကြိမ်သာ ရှိခဲ့သော် လည်း ယခု ၂၀၂၄ ခုနှစ်တွင် အကြိမ်ရေ ၄၂ ကြိမ်ထိ ရှိခဲ့သည်ဟု ဆိုသည်။
မွန်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ပိုများလာရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီတပ်သည် တိုက်ပွဲ များတွင်း ရှုံးနိမ့်မှုများ၊ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေခြင်းများ၊ မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းတို့ ကြောင့် ဖြစ်သည်ဟု မိဆောင်းက ဆက်ပြောသည်။
“လေကြောင်း တိုက်ခိုက်မှသာ သူတို့အခြေအနေ ကောင်းမှာမို့၊ စစ်ကူအင်အား ပို့ဖို့လည်း လမ်းကြောင်း အခြေ အနေတွေလည်း အဆင်မပြေဘူး။ ဒါကြောင့် လေကြောင်းကို အားကိုးမှသာ အသာစီးရနိုင်မှာ ဖြစ်လို့ သူတို့ တပ်ရင်းတွေကို သိမ်းခံရတဲ့ နေရာတွေဆို လေကြောင်းကိုပဲ အားကိုးတယ် လို့ ထင်မိပါတယ်။ စကစက သူရဲ့ တပ်ရင်း၊ တပ်မ၊ တပ်ခွဲ ဗျူဟာကုန်းတွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိတာနဲ့ လေကြောင်း တိုက်ခိုက်မှုကို ပိုလုပ်မှာပဲ စကစမှာ အားကိုးစရာ လေကြောင်းပဲ ရှိတော့တာလေ။”
စစ်ကောင်စီ၏ လေကြောင်း အသုံးပြု တိုက်ခိုက်မှုများသည် မွန်ပြည်အတွင်းရှိ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ် တို့တွင်ဖြစ်ပြီး ကျိုက်မရောမြို့နယ်သည် လေကြောင်း တိုက်ခိုက် ခံရမှု အများဆုံး ဖြစ်သည်ဟု ဆိုသည်။
မွန်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နေအိမ် အလုံးရေပေါင်း ၆၃၃ လုံး၊ စာသင်ကျောင်း နှင့် ဘာသာရေး အဆောက်အအုံ အလုံးပေါင်းရေ ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု လဂွန်းအိမ်စာစဉ်၏ အချက်အလက်များ အရ သိရသည်။
အာဏာသိမ်းပြီးချိန်မှ စတင်၍ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးများကို မျက်ကွယ်ပြုကာ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုမျိုးစုံအား နေ့စဉ်နှင့် အမျှ ကျူးလွန်နေသည် မွန်ပြည် မြောက်ပိုင်း က စစ်ရေးနှင့်ပတ်သက်၍ မြေပြင်တွင် အချက်အလက်များ ကောက်ခံသူ တစ်ဦးက ပြောသည်။
“စကစ အနေနဲ့ လူ့အခွင့်အရေးဆိုတာ သူနားမလည်သလို သူရဲ့ စစ်သည်တွေလည်း လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ် ကို မသိနားမလည်နေပါဘူး။ သူတို့ကို အဲ့လိုဖြစ်အောင်လဲ ပုံစံသွင်းထားတာပဲလေ။ အခုလို ပြည်သူ တွေအပေါ် လေကြောင်းနဲ့ တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ စကစရဲ့ အတွေးထဲမှာ ငါတို့ မစိုးမိုးနိုင်တဲ့ နေရာတွေအားလုံး တော်လှန်ရေး အင်အားစုတွေ မရရေးကိုပဲ ရှေးရှုနေတာ ပါ။”
စစ်ကောင်စီသည် အကြောင်းမဲ့ လေယာဉ်နှင့် ဗုံးကြဲခြင်းအပြင် အရပ်သား ပြည်သူများကို မတရား ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယနေ့ထိတိုင် ဆိုးရွားစွာ ကျူးလွန်နေဖြစ်သည်ဟု လဂွန်းအိမ်စာစဉ်က ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်တွင် စစ်ရေးပဋိပက္ခအရှိန်သည် ယခင်နှစ်များထက် ပိုမိုအားကောင်းလာပြီး တစ်နှစ် အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၉၀ ကြိမ် ဖြစ်ပွား ခဲ့သည်ဟု အဆိုပါစာစဉ်က ဆိုသည်။