ကရင်နီပြည်အတွင်း မူးယစ်မှုမှာ ထိပ်ဆုံး ရာဇဝတ်မှု ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
ကရင်နီပြည်အတွင်း ဖမ်းဆီးအရေးယူခဲ့သော ရာဇဝတ်မှုများအနက် မူးယစ်ဆေးအမှုမှာ အများဆုံး ဖြစ်နေသည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က ပြောသည်။
ဖမ်းဆီးရမိသည့် ရာဇဝတ်မှုများအတွင်း မူးယစ်ဆေးမှု၊ လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ သပ်လျှိုမှု (သွေးခွဲမှု၊ သွေးထိုးမှု) နှင့် စစ်သုံ့ပန်းများ ပါဝင်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၇၅ မှုဖြင့် အများဆုံး ဖြစ်သည်ဟု ဆိုသည်။
KSP ဒုရဲချုပ် ၂ ကိုဘိုဘိုက “ကရင်နီပြည်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုများရတဲ့ အကြောင်းအရင်းက အရင် စစ်ကောင်စီ အုပ်ချုပ်စဉ် ကာလကတည်းကလည်း မူးယစ်ဆေးက ပြဿနာ ကြီးနေပြီးသားပေါ့။ အခု နောက် ပိုင်း ဒီလိုတော်လှန်ရေးကာလ ရောက်သွားတော့ အဲဒါကို ခုတုံးလုပ်ပြီးတော့မှ ပြဿနာက ပိုပြီးကြီးလာတာ ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျနော်တို့ တော်လှန်ရေး ကြားကာလတွေမှာလည်း KSP ဖွဲ့လိုက်ပြီဆိုတော့ တတ်နိုင်သလောက် ကြိုးစားပြီး ထိန်းချုပ်နေပါတယ်” ဟု ပြောသည်။
ကရင်နီပြည်တွင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ရာဇဝတ်မှုပေါင်း ၁၄၉ မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့သည် ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) တာဝန်ရှိသူများက ပြောသည်။
မူးယစ်ဆေးဝါး အမှုများကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ကျူးလွန်သည့် အမှု အလိုက် ၁၀ နှစ်အထိ ချမှတ် နိုင်ပြီး ဖမ်းဆီးရမိသည့် တရားခံများအား လူ့အခွင့်အရေးနှင့် အညီ ထိန်းသိမ်း၍ သက်သေ တည်ဆောက်ပြီးမှ သာ အဆင့်ဆင့် တရားစွဲဆိုသည်ဟု KSP တရားစီရင်ရေးဌာန တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် မူးယစ်ဆေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများအား KSP စခန်း ၁၄ ခုနှင့် စစ်ဘေး ရှောင် စာသင်ကျောင်းများတွင် ပြုလုပ်လေ့ရှိပြီး စစ်ဆေးရေးဂိတ်နှင့် စိုးမိုးနယ်မြေများတွင်လည်း ရှောင်တခင် စစ်ဆေးခြင်း၊ လိုက်လံဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒုရဲချုပ် ၂ ကိုဘိုဘိုက ဆက်ပြောသည်။
“မူးယစ်ဆေးဝါးက ပြည်သူလူထုအတွက် အရမ်းအန္တရာယ်များတဲ့ ကိစ္စတခုပေါ့နော်။ အဲဒါကြောင့်မို့ ဒီမူးယစ် ဆေးဝါးကို ကျနော်တို့ရဲ့ အဓိက ပြဿနာကြီး တစ်ခုအဖြစ် ထားပြီးတော့မှ ပပျောက်ရေးအတွက် ကျနော်တို့ ထိထိရောက်နဲ့ အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်ထားဖို့ ရှိပါတယ်”
ထို့အပြင် ကရင်နီပြည်တွင် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအများဆုံး တွေ့ရသည့်အမှုမှာ ရှေ့တန်းစစ်မြေပြင်၌ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် သပ်လျိုမှုများ ဖြစ်ပြီး လက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ရုံးထုတ် စစ်ဆေးလျက် ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးကိုလည်း ကရင်နီ ပြည် ရဲတပ်ဖွဲ့ (KSP) က တရားစွဲဆိုခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်ဟု တရားသူကြီး ဦးစောဒေးက ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် NMG ကို ပြောဆိုခဲ့သည်။
ယခင်နှစ်များအတွင်း KSP ၌ ရဲစခန်း ၉ ခုနှင့် ရဲကင်း ၁၀ ခုကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် စခန်း ၁၄ ခုနှင့် ရဲကင်း ၁၈ ခုအထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီး တပ်သား ၆၃၈ ဦးဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။