ကျောက်ကြီးမှ နှစ် ၅၀ ကြာ စစ်တပ် ထိန်းချုပ်ထားသော စခန်းကို KNU သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက စစ်တပ်မှ နှစ် ၅၀ ကြာ သိမ်းပိုက်ထားခဲ့သည့် စခန်း တစ်ခုကို ကရင်အမျိုးသား အစည်းအရုံး KNU က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ကျောက်ကြီးမြို့နယ်ထဲရှိ စစ်တပ်က နှစ် ၅၀ နီးပါး သိမ်းပိုက်ထားခဲ့သော ခူသေစိုးတပ်စခန်းကို အပြီးသတ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဟု KNU က ထုတ်ပြန်လိုက်သည်။

KNU နှင့် နီးစပ်သည့် မြေပြင် စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ခိုသေစိုး တပ်စခန်းကို KNU တပ်မဟာ (၃) တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၃၁ ရက်က ပြီး တိုက်ခိုက်ခဲ့တာပေါ့နော်။ ဒီလ ၅ ရက်နေ့က သိမ်းလိုက်တာဆိုတော့ ရက်အကြာမှာ စခန်းကို အပြီးသတ် သိမ်းယူနိုင်တာပေါ့ဗျာ ဟု ပြောသည်။

နှစ် ၅၀ နီးပါး စစ်ကောင်စီတပ်က ဝင်ရောက်ကျူးကျော်တပ်စွဲခဲ့သည့် ကျောက်ကြီးမြို့နယ်အတွင်းရှိ မူသယ် ကျေးရွာတွင် အခြေစိုကသည့် ခူသေစိုးတပ်စခန်းကို ဇန္နဝါရီ ၅ ရက်နေ့တွင် KNU ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခူသေစိုးတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၃ တပ်ဖွဲ့ဝင် များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြေပြင် သတင်းအရင်းအမြစ်က “KUN က ထုတ်ပြန်ထားသလိုပဲ ဒီခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီတပ် ဖွဲ့ဝင် ၈ ယောက် သေတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ကျဆုံးတာတွေရှိတယ်။ ဒဏ်ရာ ရတာလည်း ရှိပေါ့နော်။ စစ်တပ်ဘက်ကတော့ ထွက်ပြေးသွားကြသူတွေ လည်းရှိတယ် ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက် ထွက်ပြေးလွတ်မြောက်သွားသူ လူဦးရေ စာရင်းကို အတိအကျ မသိရသော်လည်း စိန်ပြောင်းတစ်လက် အပါအဝင် အခြားလက်နက်များ၊ ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဇန္နဝါရီလ ၉ ရက်နေ့တွင် KNU က ဓါတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါ ထုတ်ပြန်ချက်ထဲတွင် KNU ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သေဆုံးမှုများကိုမူ ထည့်သွင်းထုတ်ပြန် ထားခြင်း မရှိပါပေ။

ကျောက်ကြီးမြို့နယ် မူသယ်ကျေးရွာ အခြေစိုက် ခူသေစိုးတပ်စခန်းမှာ စစ်ကောင်စီ လက်အောက်ခံ ခလရ ၇၅ တပ် အခြေစိုက်ထားခြင်း ဖြစ်သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ကရင်အမျိုးသား အစည်းအရုံး KNU ၏ ဌာနချုပ် ဟောင်းလည်းဖြစ်၊ မြန်မာပြည် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ် ပေါင်းစုများ၊ စင်ပြိုင်အစိုးရများကို တည်ထောင်ခဲ့သည့် ဌာနချုပ်နေရာလည်း ဖြစ်သည့် မာနယ်ပလောဌာနချုပ် နေရာကိုလည်း KNU နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့က နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည် သိမ်းယူနိုင်ခဲ့ကြ သည်။