လွိုင်ကော်တွင် လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။ 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေး ၂ ဦး သေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အနီး၊ ပိန်းချစ်ကျေးရွာအုပ်စုထဲရှိ အိုက်စံကျေးရွာအား လွိုင်လင်လေး အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၃၀)က ဇန္နဝါရီလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက ပွဲချင်းပြီးပဲလေ။ ဆက်တိုက်ကို ထုတာ။ နည်းနည်းအသံငြိမ်တော့ ကလေး ၂ ယောက် သွားကြည့်တာ အသက်မရှိတော့ဘူး။ ကျန်တဲ့ တစ်ယောက်ကတော့ အသက်မီသွားတယ်။ လူကြီး လည်း ရှပ်ထိတာ ရှိတယ် ဟု ပြောသည်။

အခင်းဖြစ်ပွားစဉ်အတွင်း ၅ လသားအရွယ် ကလေးငယ်တစ်ဦးမှာလည်း ဘယ်လက်ပြတ် သွားသည့်အပြင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ရှပ်ထိဒဏ်ရာများ ရခဲ့သည်ဟု မြေပြင်ရှိ ၎င်းတို့အား အကူအညီ ပေးသူများက ပြောသည်။

စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)တို့ အထိုင်ချ တပ်စွဲထားသည့် ဆီဆိုင်မြို့နယ်၊ ရွှေဂူကျေးရွာ အား ဇန္နဝါရီလ ၈ ရက်နေ့တွင် တော်လှန်ရေး အင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းပေါင်း ၄၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီဖက်က တုံ့ပြန်သည့် အနေဖြင့် အိုက်စန့်ကျေးရွာအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သည့် ရှေ့တန်းရှိ ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့ မြေပြင် သတင်း အရင်းအမြစ်တစ်ဦးက ပြောသည်။

အိုက်စန့်နဲ့ လွယ်လင်လေးက ၃ မိုင်ပဲ ဝေးတယ်။ လွိုင်လင်လေးနဲ့ စေတီကုန်းက ၁၀ မိုင်ရှိတယ်။ စေတီကုန်း မှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာလို့ သူတို့က လိုက်မဲတာ။ ဒီကြားထဲတော့ လွိုင်လင်လေးတစ်ဝိုက်က ရှောင်ထား စေချင်တယ်။

လတ်တလော မြေပြင်အခြေအနေများအရ ယနေ့ (ဇန္နဝါရီလ ၁၀ ရက်နေ့) အထိ လွိုင်ကော်နှင့် မိုးဗြဲမြို့အနီး တစ်ဝိုက် နေရာများတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လွိုင်လင်လေး အခြေစိုက် ခမရ ၅၃၀ မှ ပစ်ခတ်လိုက်သည့် လက် နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်တွင်း ကျေးရွာ ၂ ရွာတွင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာ များ ရရှိခဲ့ဖူးသည်။