ဖားကန့်ကျေးရွာ နှစ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ အရပ်သားများ သေဆုံးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲက ဆန်ခါကျေးရွာနှင့် မဇွပ်ယန် (မဆွပ်ယန်) ကျေးရွာတို့ကို ဇန္နဝါရီလ ၁၃ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်း ၁၀ နာရီကျော် အချိန်ခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ဒေသခံ အမျိုးသားတစ်ဦးက ဒီနေ့ မနက် ၁၀ နာရီကျော် အချိန်လောက်က ဆန်ခါနဲ့ မဇွပ်ယန် (မဆွပ်ယန်) ရွာ နှစ်ရွာကြားလို့လည်း ပြောလို့ရ တယ်၊ အဲ့ဒီရွာနှစ်ရွာလို့လည်း ပြောလို့ရတယ် အဲ့ဒီနေရာတွေကို လေယာဉ်နဲ့ ဗုံး လာကြဲသွားတယ်။ မဇွပ်ယန် မနောကွင်းဘေးမှာ ကျတယ်။ အဲ့ဒီပတ်ပတ်လည်ကို လေကြောင်းနဲ့ ငါးကြိမ် ဗုံး ကြဲတယ်။ ငါးကြိမ်ကြဲပြီး ပြန် သွား၊ နောက်ထပ်တစ်ခေါက်ထပ်လာ၊ ထပ်လာတော့လည်း ငါးကြိမ်ထပ်ကြဲ အဲ့လို လုပ်သွားတယ်ဗျ။ လူတော့ တော်တော်သေသွားတယ်ဗျ ဟု ပြောသည်။

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး လုံးဝမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆန်ခါကျေးရွာထိပ်နှင့် ကျေးရွာထဲက ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက် နေရာများအပြင် မဇွပ်ယန် (မဆွပ်ယန်) ကျေးရွာရှိ စာသင်ကျောင်းနှင့် မနောကွင်းနေရာများတွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါနေရာများသည် အရပ်သား ပြည်သူများ နေထိုင် သွားလာလှုပ်ရှားနေသည့် နေရာဖြစ်သောကြောင့် ယခုကဲ့သို့ အရပ်သားများ ထိမှန်သေဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနိုင်သည်ဟု ပြောဆိုနေကြသော်လည်း အတိအကျကိုမူ မသိရသေးပေ။ 

မြေပြင် သတင်းအရင်းအမြစ်များ ပေးပို့လာသော ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ သေဆုံးသူများထဲတွင် ရေမဆေးကျောက် ရှာဖွေသူများပါဝင်ပြီး လမ်းသွားလမ်းလာများ သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများ ရှိနေသည်။

မြေပြင်က အခြေအနေကို သွားကြည့်သူ ဒေသခံ အမျိုးသားတစ်ဦးက အခုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာက ထိန်းချုပ်နယ်မြေအားဖြင့် ပြောရရင် KIA တပ်မဟာ ၉ နေရာ လို့ ပြောလို့ရတယ်။ ဒါပေမယ့် KIA တွေတော့ မရှိပါဘူး။ ဒီမနက်လည်း ပြည်သူတွေ အေးအေးဆေးဆေး သွား လာနေချိန်ကြီးလေ၊ ရေမဆေး သမားတွေ သွားနေလာနေချိန်ပါ။ တိုက်ပွဲကလည်း မရှိတော့ လေယာဉ်နဲ့ ဘယ်သူ ဗုံးကြဲမယ်ထင်မလဲ။ ရက်ရက်စက်စက် နှစ်ခါတောင် လာကြဲသွားတာဗျ။ သေတာရော ဒဏ်ရာရတာရော များတယ်။ ဘယ်လောက် ဆိုတာတော့ အတိအကျ မသိရသေးဘူးပေါ့ဗျာ ဟု ပြောသည်။ 

မြေပြင်ရှိ လူမှုကူညီရေးအသင်းများ၊ အနီးဝန်းကျင်က ဒေသခံများက အချင်းချင်းကူညီကယ်ဆယ်ရေး လုပ်နေကြပြီး ဆန်ခါကျေးရွာနှင့် မဇွပ်ယန် (မဆွပ်ယန်) ကျေးရွာက ဒေသခံများမှာမူ လေကြောင်းမှ ထပ်မံဗုံးကြဲ လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီဟု ဆိုသည်။

အလားတူ ဖားကန့်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ နယ်ထဲတွင် စစ်ကောင်စီ တပ်၊ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) ပူးပေါင်းတပ်တို့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ဟုမ္မ လင်း PDF ပူးပေါင်းတပ်တို့ အကြား မြေပြင်၌ တိုက်ပွဲများ ပြင်းထန်နေချိန် ဇန္နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့ တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။