စစ်ကောင်စီနှင့် DPLF အကြား တိုက်ပွဲ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ထောင်ချီသော ဒေသခံများ တိမ်းရှောင် နေကြရသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ အနီးတစ်ဝိုက်တွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက် ရှိသည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။
DPLF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က“အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီး ပစ်ခတ် တာတွေ ရှိတယ်ဆိုတော့ ကျနော်ထင်တယ် ဒီလမ်းကြောင်းပိတ်တဲ့ ကိစ္စလည်းသူတို့ မဲတာဖြစ်မယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ အလစ်ငိုက် ဝင်တိုက်တဲ့အချိန်သူတို့ ခံရတာကြောင့်လည်း ပါမှာပေါ့လေ၊ အဲလိုမျိုး ယူဆ လို့ ရပါတယ်” ဟု ပြောသည်။
ကျောက်ဂူဒေသ အနီးတစ်ဝိုက်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ကတည်းကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်းမှလည်း တိုက်ခိုက်လာသဖြင့် ဒေသခံ အယောက် ၃,၅၀၀ ခန့် ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီတပ်များမှာ ကျောက်ဂူဒေသအခြေစိုက် အမတ (၃၄၉) မှ အခြေစိုက် ပစ်ခတ်နေခြင်းဖြစ်ပြီး ကျောက်ဂူ၊ ပယင်းကုန်း၊ ထမင်းပေါင်း စသည့်ကျေးရွာများမှ ဒေသခံများမှာ တိမ်းရှောင်နေကြရသည်။
ကျောက်ဂူဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ အယောက် ၆၀ ကျော်သေဆုံးခဲ့ပြီး လက်ရှိ တိုက်ပွဲများတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူများအား အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံတွင် ဆေးကုသပေးနေ သည်ဟု မြေပြင်အရင်းအမြစ်များက ဆိုသည်။
မြေပြင်အခြေအနေအရ စစ်ကောင်စီဖက်မှ အင်အားအလုံးအရင်း ဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲများ ပိုပြင်းထန် လာနိုင်သည်ဖြစ်ရာ ဒေသခံများအား အမြန်ဆုံး တိမ်းရှောင်ကြရန် ကိုအမောင်က သတိပေးသည်။
“တိုက်ပွဲအခြေအနေကတော့ စစ်ကောင်စီကလည်း အင်အားဖြည့်တင်းမှုတွေ ရှိတဲ့အတွက် ပိုပြီး ပြင်းထန်လာ နိုင်တဲ့ အခြေအနေ ရှိတာပေါ့လေ။ ဆိုတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ ဝေးတဲ့နေရာမှာ နေကြဖို့ပေါ့။ ပြီးတော့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကို ရှောင်ရှားနိုင်ဖို့အတွက် လုံခြုံတဲ့နေရာတွေမှာ နေကြဖို့ တိုက် တွန်းချင်ပါတယ်။”
ကျောက်ဂူဒေသရှိ စစ်ကောင်စီ၏ အမတ ၃၄၉ အပါအဝင် တောင်ထိပ်နှင့် အင်တောကျေးရွာကြားမှ စစ်ကောင်စီ စခန်းများအား ဇန္နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များအတွင်း DPLF မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ပူးပေါင်းတပ်များ အထိအခိုက် အကျအဆုံး များခဲ့သည်ဟု မြေပြင်အရင်းအမြစ်များက ဆိုသည်။
စစ်ကောင်စီ ပူးပေါင်းတပ်ဖက်မှ ပအိုဝ်းပြည်သူ့စစ် (PNA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/ SSA) တို့မှ ယူနီဖောင်းပြောင်း၍ ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် သီးခြားအတည်ပြုနိုင်ရေး စုံစမ်းနေဆဲ ဖြစ်သည်။