ပုသိမ်မြို့နယ်အတွင်းမှ ဒေသခံများ စစ်ရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ရခိုင်ပြည်နယ် ဂွမြို့နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ ရွာလုံးကျွတ်ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရသည်။
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန္နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများနှင့် ရဲတပ် ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းရော ရေတပ်ကနေပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်လာသဖြင့် မကျီးဇင်ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
မကျီးဇင်ကျေးရွာမှ စစ်ရှောင်တစ်ဦးက “ညတုန်းက လေတပ်ကလာပြီး ဗုံးကြဲတယ်။ မနက်မှာ ရေတပ်က ဆက်တိုက်ပစ်တာ။ ဘုန်းကြီး ၁ ပါးနဲ့ လူ ၁ ယောက် သေတယ်။ အိမ်တွေလည်း စိစိညက်ညက် ကြေတာပါပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မကျီးဇင်ကျေးရွာထဲက ကျောင်းသစ်ဘုန်းကြီးကျောင်း၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ဆေးရုံတို့ ပျက်စီးသွားကာ တံတားပါကျိုးကျ သွားပြီဟု မျက်မြင်တွေ့ခဲ့ရသူ အချို့က ပြောသည်။
မကျီးဇင်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ပြီး လူဦးရေ ၂၀,၀၀၀ ခန့် နေထိုင် လျက်ရှိရာ အနီးအနား ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများကပြောသည်။
မကျီးဇင်ရွာသား အခြားစစ်ရှောင် တစ်ဦးကလည်း “သဘော့ကန်နဲ့ ရွှေသောင်ယံမှာ တစ်နေ့ကို လူတစ်ယောက် ၁,၀၀၀ ကျပ်ပေးပြီး ဧည့်စာရင်းတိုင်ရတယ်။ ပုသိမ်မှာ လူ ၁ ယောက်ကို တစ်လအတွက် ၁,၅၀၀ ပေးပြီး ဧည့်စာရင်း တိုင်နေရတယ်။ ဆွေမျိုးနီးစပ်တွေက ပေးနေလို့ နေစရာလေးတော့ ရှိပါပြီ။ စားဖို့ကတော့ ကြုံရာ ကျဘန်း ရှာလုပ်ရမှာပေါ့” ဟု ပြောသည်။
ဘောမိကျေးရွာမှ တဆင့် ဂျိတ်လတ်သို့ ကူးကာ တောလမ်းအတိုင်း ရွှေသောင်ယံမြို့ပေါ်သို့လည်းကောင်း ကားလမ်းမှ သာပေါင်း၊ ပုသိမ်မြို့များသို့လည်းကောင်း စစ်ရှောင်နေကြရသည်ဟု မကျီးဇင်ရွာသားများက ပြောသည်။
ပုသိမ်မြို့ခံတစ်ဦးက “အိမ်တစ်လုံးကို ငှားပြီး လူ ၂၀ လောက်စုနေကြတာဗျာ။ ကျောတစ်ခင်းစာပေါ့ ငွေကြေး တတ်နိုင်သူတွေကတော့ ကြိုတင်ပြီးအိမ်ဝယ်ထား ပစ္စည်းတွေကြိုရွှေ့ထားကြတာ ဆိုတော့ ဆုံးရှုံးမှု နည်းတယ်။ သူတို့ကတော့ အခြေ မပျက်ဖူးပေါ့” ဟု ပြောသည်။
မကျီးဇင်၊ ဂျိုင်လယ်၊ ဘောမိ၊ ဂျိတ်လတ်ကျေးရွာများမှ ရွာသားများ ရွှေသောင်ယံသို့ စစ်ရှောင်ရန် ရောက်ရှိချိန်တွင် စစ်ကောင်စီမှ ခံစစ်ဆင်ရန် ကား ၁၁ စီးဖြင့် စစ်အင်အား နှင့် လက်နက်ကြီးများ ဖြည့်တင်းကာ အထိုင်ချ ပြင်ဆင် နေသည်ကို တွေ့မြင်ခဲ့ကြရသည်။ ထို့ကြောင့် ရွှေသောင်ယံတွင် မနေရဲတော့ပဲ ပုသိမ်မြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်ဟု စစ်ဘေး ရှောင်လာသူများက ပြောသည်။
အာရက္ခတပ်တော် AA သည် ဂွမြို့သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းကာ ဧရာဝတီ – ရခိုင်အစပ်ရှိ မကျီးဇင်ကျေးရွာက စစ်ကောင်စီ စခန်းများကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ပြီး ထွက်ပြေးသွား သည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရွှေသောင်ယံကမ်းခြေ၌ တိုက်ပွဲပြင်းထန်လျက်ရှိ သည်။
ထိုသို့ အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ထိုးစစ်မှာ ရွှေသောင်ယံ မြို့ အထိ ရောက်ရှိလာ၍ ချောင်းသာကမ်းခြေသို့ သွားသည့် ပုသိမ် – ချောင်းသာ လမ်းပိုင်းကိုလည်း ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ပိတ်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
ဓါတ်ပုံ – AA (ဂွမြို့သိမ်း တိုက်ပွဲမှ ပုံ)