ပုလောမြို့နယ်အတွင်း လမ်းမတန်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီ မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလော – မြိတ် သွားကားလမ်းမကြီးပေါ်မှ ကျေးရွာချင်းဆက် ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရက်ကြာသည်အထိ လောင်ကျွမ်းနေဆဲ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကားလမ်းမပေါ်ရှိ ရွာများဖြစ်ကြသည့် တပို၊ စက်တော်ရာနှင့် ကြဲကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ 

တပိုကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားတွင်ရှိသည့် နေအိမ်ငါးလုံးနှင့် ရော်ဘာခြံဧက ၅၀ ကျော်ကို ဇန္နဝါရီလ ၁၁ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရသည့် ခြံများမှာ ဇန္နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ် သည်ဟု ရွာသားများက ဆိုသည်။

အသက် ၄၀ ခန့်အရွယ် တပိုရွာသားတစ်ဦးက စက်တော်ရာဘက်မှာ လောင်နေတာကို တောမီးလောင်သလိုမျိုး ဖြစ်နေတယ်။ ညတုန်းက ဝါးမီးပေါက်တဲ့ အသံတွေ တဖေါင်းဖေါင်းနဲ့ ကြားနေရတာ။ အခုရာသီက အရှေ့ လေ တိုက်နေတဲ့ ရာသီလည်းဖြစ်တယ်။ ခြောက်သွေ့ရာသီလည်း ဖြစ်တော့ ပိုဆိုးတာပေါ့။ ရွာသားတွေက ဘေး လွတ်ရာ ရှောင်နေကြရတော့ မငြိမ်းသတ်နိုင်ကြဘူး ဟု ပြောသည်။

ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းမှာလည်း ကြဲကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံ၍ မီးရှို့ ဖျက် ဆီးနေပြီး နေအိမ်ဘယ်နှစ်ဆောင် မီးရှို့ခံရကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေကိုမူ မသိရှိရသေးဟု ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဒရုန်းနှင့် တိုက်ခိုက်ခံရပြီးနောက် နေအိမ်နှင့် ရော်ဘာခြံများကို ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တပိုကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဇန္နဝါရီလ ၁၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ ကြဲချပြီး တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံးခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းက တပိုကျေးရွာမှ စက်တော်ရာကျေးရွာဘက်သို့ ပြန်ဆုတ်လာသည့် အချိန်၌ အိမ်နှင့် ခြံများကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ဇန္နဝါရီလ ၉ ရက်နေ့ကလည်း ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၇) ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။