အရပ်သား ကျေးရွာကို ဗုံးကြဲ၊ ရွာသား ၅ ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။ 

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာတစ်ရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ခြင်းကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တကူကျေးရွာအုပ်စုထဲ သံတိုက်ကျေးရွာကို ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက်အစောပိုင်းက တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကုန်စိမ်းစျေးအနီး နေထိုင်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပထမအကြိမ်ထိတဲ့ သူက ဒဏ်ရာ ပြင်းတယ်၊ ခေါင်းတွေ နောက်ကျောတွေအပြင် ပေါင်မှာ အရိုးပေါ်သွားတယ်။ လက်ရှိ အသက်မသေတာ ကံကောင်းတယ်။ ဒုတိယအကြိမ်မှာ ထိတဲ့သူတွေက တော်သေးတယ် နည်းနည်း ပါးပါးလောက်ပဲ ဟု ပြော

သည်။

ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်တွင် ရဲစခန်းအနီးဝန်းကျင်ကို ပထမအကြိမ်ဗုံးသီး တစ်လုံး ကြဲချပြီး တိုက်ခိုက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် နှစ်ဆောင် ပျက်ဆီးခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ထို့အပြင် သံတိုက်ကျေးရွာ အလယ်ပိုင်းရှိ စာသင်ကျောင်းနှင့် ကုန်စိမ်းဈေး အနီးဝန်းကျင်ကို နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ဒုတိယအကြိမ် ထပ်မံ၍ လေကြောင်းမှ ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည်။

ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ထပ်မံ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နောက်ထပ် နေအိမ်နှစ်ဆောင်လည်း ပျက်ဆီးခဲ့သည်။

ဒုတိယအကြိမ်တွင် ကြဲချခဲ့သည့် ဗုံးသီးနှစ်လုံးအနက် တစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ဗုံးသီးနောက်တစ်လုံးမှာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည်ဟု ရွာသားများက ဆိုသည်။

ဗုံကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅ ဦးမှာ နီးစပ်ရာ ဆေးကုခန်းများတွင် ဆေးကုသမှု ခံယူနေကြရသည်။

စစ်ကောင်စီက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ သံတိုက်ကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၉ ရက်နေ့ကလည်း မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စက်တော်ရာကျေးရွာကို စစ်ကောင်စီက လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၇၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့သည်။