ကယားပြည်နယ်နေ့ အခန်းအနားကြောင့် လွိုင်ကော်တွင် လုံခြုံရေး တင်းကြပ်

သတင်းနှ့င် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

ဇန္နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအတွက် လွိုင်ကော် မြို့တွင် လုံခြုံရေး တင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။

၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားအား ဇန္နဝါရီလ ၁၂ ရက်နေ့တွင် မြို့တော်မခန်းမ၌ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲကျင်းပနေစဉ် လုံခြုံရေး တင်းကျပ်ကာ မြို့တော်ခန်းမရှေ့ လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်ဟု ဆိုသည်။

လွိုင်ကော်ဒေသခံ တစ်ဦးက မြို့တော်ခန်းမမှာ သူတို့ပြခန်းတွေ ဘာတွေတောင် လုပ်နေကြတယ် ဝန်ထမ်း တွေ အလှည့်ကျ စောင့်နေရတယ် ဟိုနေ့က သူတို့ဖွင့်ပွဲတဲ့ လမ်းတောင် ဖြတ်လို့မရဘူးဟု ပြော သည်။

ကယားပြည်နယ်နေ့ အခမ်းအနားသို့ စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဒု-စစ်ခေါင်း ဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်မည် ဆိုသည့် သတင်းများကြောင့် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်ရခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

ယခုနှစ် ကယားပြည်နယ်နေ့ အခမ်းအနားအတွင်း ဌာနဆိုင်ရာ ပြခန်းများနှင့် အသေးစား ကုန်စည်ပြပွဲများ ခင်းကျင်း ပြသထားသည်ဟု ဖွင့်ပွဲအခမ်းနား တက်ရောက်သူများက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ ဝန်ထမ်းများမှအပ လာရောက်ကြည့်ရှုသော ပြည်သူများ မရှိသလောက် နည်းနေသည်ဟု ဆိုကြသည်။

စစ်ကောင်စီက ယခုကဲ့သို့ ကယားပြည်နယ်နေ့ အခမ်းအနားကို မဖြစ်မနေကျင်းပရခြင်းမှာ လွိုင်ကော်မြို့အား အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီဟု ပြလိုသဖြင့် ကျင်းပခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

လွိုင်ကော် ဒေသခံ အမျိုးသမီးတစ်ဦးက သူတို့ဝန်ထမ်းတွေရှိတဲ့ ကျောင်းပြခန်းလေးတွေတော့ အထဲမှာ အခန်းကျဉ်းကျဉ်းလေးထဲမှာပဲ လုပ်နေကြတယ်၊ အဲလိုမျိုးတော့ သူတို့လုပ်ရတယ်။ ပြခန်းလေး ဘာလေး လည်း သူတို့လုပ်ထားတယ်၊ ဟန်ဆောင်ပန်ဆောင် ရှေ့ပြပေါ့ မလုပ်မဖြစ်ပေါ့၊ ငါတို့ လူတွေစုရုံးနိုင်ပြီ အဲလို မျိုးပေါ့ဟု ပြောသည်။

မြေပြင်အခြေနေအရ လွိုင်ကော် – ဆီဆိုင် လမ်းအား စစ်ကောင်စီဘက်မှ ထိန်းချုပ်ထားသော်လည်း ရှမ်း -ကရင်နီ နယ်စပ်တွင် ကရင်နီ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ စစ်ကောင်စီတပ်မှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး လာရောက်မည်ဆိုပါက လေကြောင်းမှ တစ်ဆင့်သာ လာရောက်လိမ့်မည်ဟု ဒေသခံများ က ခန့်မှန်း ပြောဆိုနေကြသည်။

လွိုင်ကော်ဒေသခံ အမျိုးသမီးက “သူတို့လာရင်လည်း သူတို့သိတယ်မို့လား ဟတ်စကီးလေးနဲ့ပဲ ခဏပဲဆင်းမှ မိုးပေါ်ကနေပဲပြန်မှာပဲ ခါတိုင်းနှစ်ဆို အဲလိုမျိုးပဲကော” ဟု​ ပြောသည်။

လုံခြုံရေးအရလည်း လက်နက်ကြီး ရှော့တိုက်ဒုန်းနှင့် ဒရုန်းဗုံးများ အချိန်မရွေး ကျရောက်နိုင်ပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွိုင်ကော်သို့ လာရောက်စဉ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။

ထို့အပြင် စစ်ကောင်စီသည် လွိုင်ကော်မြို့အတွင်းရှိ ခလရ (၅၄) တပ်မှ လွိုင်လင်လေး၊ မိုးဗြဲဘက်နှင့် အနီးအနား ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တစ်ရက်ခြား ပစ်ခတ်နေမှုများ ရှိနေသလို ကင်းထောက် ဒရုန်းများဖြင့် လည်း ပျံသန်းစောင့်ကြည့်နေသည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။

၂၀၂၄ ခုနှစ်တွင် ကျရောက်ခဲ့သည့် (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအား တိုက်ပွဲအခြေအနေ ကြောင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်း၌သာ အကျဉ်းချုပ် ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် လွိုင်ကော်မြို့အား စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့နယ်ခန်းမတွင် အခမ်းအနား ပြန်လည်ကျင်းပရန် စီစဉ်နေကြ ခြင်း ဖြစ်သည်။

အလားတူ ၂၀၂၃ ခုနှစ်ကလည်း လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။