ဘော်လခဲတွင် စစ်ကောင်စီ ထောက်ပို့ စစ်ကြောင်း ကြားဖြတ်တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်။
ကရင်နီပြည်၊ ဘော်လခဲမြို့နယ်၊ ဘော်လခဲဗျူဟာကုန်းသို့ ကျည်နှင့် ရိက္ခာများ သယ်ဆောင်လာသည့် အင်အား ၃၀ ပါ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရသည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး၏ အလောင်းများ တွေ့ရှိခဲ့သည့်အပြင် သေနတ် ၄ လက်၊ ခဲယမ်းနှင့် ရိက္ခာများကို ကရင်နီမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ဘော်လခဲကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းထန်နဲ့ ဝမ်မလန်းရွာကြားမှာ တပ်ပေါင်းစုကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာပေါ့နော်။ မြေပြင်မှာတော့ စစ်ကောင်စီရဲ့ အလောင်းတွေ့ရှိမှုကတော့ ၆ လောင်းပေါ့။ ဒါပေမယ့် လက်နက်ကြီးနဲ့ လှမ်းပစ်နေတော့ လုံခြုံ ရေးအရ နောက်ပြန်ဆုတ်လာတယ်ပေါ့” ဟု ပြောသည်။
ကရင်နီမဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုများမှ ဇန္နဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီ ယာဉ် တန်းအား ပဒေသာမိုင်း အလုံး ၃၀ ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ယာဉ်တန်းမှာ အထိအခိုက် အကျအဆုံး များစွာဖြင့် ဘော်လခဲဗျူဟာကုန်းသို့ ဝင်ရောက်သွားသည်ဟု မြေပြင်အရင်းအမြစ်များက ဆိုသည်။
စစ်ကောင်စီတပ်များမှာ တပ်ရင်းအထိုင်စခန်းများ လက်မလွှတ်ရရေးအတွက် ၂၀၂၅ ခုနှစ် အစောပိုင်း ကတည်း က စဉ်ဆက်မပြတ် လက်နက်နှင့် လူအင်အား ဖြည့်တင်းနေကြသည့်အပြင် ထောက်ပို့လမ်းကြောင်းအတွက် လေကြောင်းကိုပါ အသုံးပြုနေသည်ဟု ဆိုသည်။
ဘော်လခဲခရိုင်တွင် ခလရ ၁၃၄၊ ၁၃၅ အပါအဝင် စစ်ကောင်စီ စခန်း ၄ ခုခန့်သာ ကျန်ရှိနေပြီး တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း အပြီးသတ် သိမ်းယူရန်အတွက် အခက်အခဲများစွာ ရှိသည်ဟု ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
“တပ်ရင်းတွေကို သိမ်းဖို့တော့ နည်းနည်းလေး အခက်အခဲ ရှိသေးတယ်ပေါ့။ ဘယ်လို အကြောင်းအရာကြောင့် လဲဆို တချို့ လိုအပ်ချက်လေးတွေ ရှိသေးလို့ပေါ့။ လိုအပ်တဲ့ အပိုင်းတွေရှိတယ်။ ခဲယမ်းကအစ လိုအပ်ချက် ရှိတယ်ပေါ့။”
ယနေ့ မြေပြင်အခြေအနေအရ ဘော်လခဲခရိုင်အတွင်း တိုက်ပွဲများငြိမ်သက်လျက် ရှိသော်လည်း မြို့စွန် နေရာ များတွင် စစ်ကောင်စီတပ်က ကင်းလှည့်နေပြီး မြို့တွင်းနေရာများကိုလည်း ရှောင်တခင် စစ်ဆေးနေသည် ဟု ဒေသခံများနှင့် မြေပြင်ရှိ စစ်ရေးသတင်း အရင်းအမြစ်များက ဆိုသည်။