ငါးဖမ်းစက်လှေပေါ် တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်။

သတင်းနှင့် မီဒီယာ ကွန်ရက်။  
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်။ 

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အနီးရှိ ပင်လယ်ပြင်တွင် ဝါးလတ်ငါးဖမ်းလှေတစ်စီးပေါ်တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီ တိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပင်လယ် ပြင်တွင် ငါးဖမ်းနေစဉ် ခိုင်လင်းစိုး – ၁၀၈ အမည်ရှိ ဝါးလတ်ငါးဖမ်းလှေပေါ်တွင် မတ်လ ၂၅ ရက် နံနက်ပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့်လှေမှာလောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာသို့ ရောက်ရှိလာသည်ဟု အဆိုပါ ကယ်ဆယ်ရေး အဖွဲ့ဝင်က ပြောသည်။ 

လူနာ တင်ယာဥ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က “အခင်းဖြစ်တဲ့နေ့ ညနေပိုင်းကတည်း က အဖွဲ့ကိုဆက်သွယ်လာလို့ အသင့်ပြင်ပြီး စမ်းလှမ်းမှာ သွားစောင့်နေရတာ ၊ လှေက ည ၁၁ နာရီလောက်မှ ရောက်လာတယ်၊ မနက်အစောပိုင်းမှာ ကမြောကင်းတံတားဖွင့်ဖွင့်ချင်းမှာပဲ ဒဏ်ရာရသူတွေနဲ့ DB(ရုပ်အလောင်း) တွေကို သယ်ယူလာခဲ့ရတယ်” ဟု ပြောသည်။ 

မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်လေးစီးဖြင့် စမ်းလှမ်းကျေးရွာမှ ထားဝယ်ဆေးရုံကြီးသို့ သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ရကြောင်း ၄င်းက ဆိုသည်။ 

အိုးသူကြီးဖြစ်သူ ကိုမင်းထိုက်စိုး (ဒဏ်ရာပြင်းထန်)နှင့် လှေလုပ်သားတစ်ဦးဖြစ်သည့် ကိုယုယတို့ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ပိုက်ဆွဲနေချိန် ပဲ့နင်းငယ် ဦးမောင်မြင့်အောင်က အိုးသူ ကြီးကိုမင်းထိုက်စိုးအား ပိုက်ဖာသည့်ဓါးဖြင့် တိုက်ခိုက်ရာမှ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ငါးဖမ်းလှေမှ လှေလုပ်သားများက ပြောသည်။ 

အိုးသူကြီးကို ဓါးဖြင့်ထိုးပြီးသည့်နောက် ပိုက်ပုခက်တွင် အိပ်နေသည့် ရေရှူး(လှေလုပ်သားခေါင်းဆောင်) ဦးသန်းထိုက်ကို ဓားဖြင့်ထိုးစ် ပဲ့နင်း ဦးနိုင်ကျော်စိုးက ဝင်ရောက်ဆွဲရာမှ ဓားဒဏ်ရာရရှိပြီး နှစ်ဦးစလုံးသေ ဆုံးသွားသည်ဟု မျက်မြင်သက်သေ လှေလုပ်သားများက ပြောသည်။ 

ဒဏ်ရာရရှိထားသူ ကိုမင်းထိုက်စိုးမှ ဓားဖြင့်တိုက်ခိုက်နေသည့် ပဲ့နင်းငယ် ဦးမောင်မြင့်အောင်ကို ဂေါ်ပြားဖြင့်ဝင် ရိုက်နှက်ခဲ့သဖြင့် စတင်တိုက်ခိုက်ခဲ့သူ ပဲ့နင်းငယ်လည်း သေဆုံးသွားသည်ဟု လှေလုပ်သားတစ်ဦးက ဆိုသည်။ 

သေဆုံးသွားသူများအနက် နှစ်ဦးမှာ လောင်းလုံးမြို့ နယ် မောင်းမကန်ကျေးရွာသားများဖြစ်ကြပြီး နောက်တစ်ဦးမှာ မြိတ်ဇာတိတစ်ဦးဖြစ်ကြသည်။ ဒဏ်ရာရရှိသူနှစ်ဦးမှာလည်း မောင်းမကန်ရွာသားများဖြစ်ကြောင်း သိရှိရပြီး မည်သည့်အကြောင်းအရင်းကြောင့် ဓါးဖြင့်စတင်တိုက်ခိုက်ခဲ့သည်ကိုမှု မသိရသေးပေ။