ဆီအုန်းစိုက်ခင်း ဗုံးကြဲခံရပြီး အလုပ်သမားနှစ်ဦး သေဆုံး။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက် ။ 

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအတွင်းရှိ ဆီအုန်းစိုက် ခင်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆီအုန်းကုမ္ပဏီအလုပ်သမား နှစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ ခဲ့သည်ဟု ရွာသားများက ပြောသည်။ 

ကျော်မော် – ၁၉ ဆီအုန်းကုမ္ပဏီစိုက်ခင်း အတွင်းသို့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ခွဲခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အလုပ်သမားများနေထိုင်သည့် တန်းလျားကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။ 

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆီအုန်းကုမ္ပဏီအလုပ်သမားအသက် ၂၅ နှစ် နှင့် ၃၀ နှစ်အရွယ် အမျိုးသားနှစ်ဦး ဗုံးအစထိမှန်၍သေဆုံးသွား ပြီး ဒဏ်ရာ ရရှိသူ ခြောက်ဦးထက်မနည်း ရှိခဲ့သည်ဟု ကုမ္ပဏီအလုပ်သမားတစ်ဦးက ပြောသည်။ 

ချောင်းလမုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးလာကြဲသည်မှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်အ ဖြစ် မတ်လ ၁၇ ရက်နေ့တွင် တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် မတ်လ ၁၈ ရက်နေ့တွင်နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု အလုပ်သမားများက ပြောသည်။ 

“ဆီအုန်းကုမ္ပဏီဝင်းအထဲမှာ အလုပ် သမားက ၅၀လောက်ရှိနေတာ၊ အခုက နှစ်ယောက်သေသွားပြီဆိုတော့ကြောက်လန့်ပြီး ပြောင်းရွှေ့နေကုန်ကြပြီ၊ ခြံဝင်းထဲကအလုပ်သမားတန်း လျားတွေ၊ အဆောက်အဦးတွေလည်း ပျက်စီးကုန်တယ်” ဟု အသက် ၅၀ခန့်အရွယ် အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။ 

ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမအကြိမ်လာကြဲချိန်တွင် လူထိ ခိုက်မှုမရှိခဲ့ဘဲ ဒုတိယအကြိမ် လာကြဲချိန်မှသာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ၄င်းက ဆိုသည်။ 

စစ်ကောင်စီတပ်က တနင်္သာရီ – မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ထိုင်း – မြန်မာနယ်စပ်သွားလမ်းမကြီးပေါ်ရှိ သိန်ခွန်းကျေးရွာအနီးဝန်းကျင်ကိုအင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၃ လကျော်လွန်လာပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။ 

စစ်ကောင်စီတပ်မှ သိန်ခွန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ နှင့် မော်တာများဖြင့်ပစ်ခတ်မှုများ ခပ်စိပ်စိပ်ပြု လုပ်နေသဖြင့် ရွာသားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ရွာသားတစ်ဦးက ဆိုသည်။ 

စစ်ရှောင်နေရာမှ ချောင်းလမုကျေးရွာအတွင်းရှိ နေအိမ်တွင် စားနပ်ရိက္ခာပြန် သွားယူသည့် ရွာသား ၃ ဦးမှာ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်၍ မတ်လ၂၁ ရက်နေ့က သေဆုံးသွားခဲ့သေးသည်။