တနင်္သာရီသို့ လာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်။
တနင်္သာရီတိုင်း မြိတ်ခရိုင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းမှာ ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ကားတစ်စီးလျှင် စစ်ကောင်စီတပ် ဖွဲ့ဝင် ၂၀ ကျော်နှင့် ရိက္ခာများပါဝင် သည့် ကား ၈ စီးပါ စစ်ယာဥ်တန်းမှာ မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီးထိခိုက်သွားပြီး ထိခိုက်မှုအခြေ အနေကိုစုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ကားများအတွင်း သင်တန်းဆင်း စစ်ကောင်စီတပ်သားအသစ်များပါဝင်နေကြောင်း သိရသည်ဟု အသက် ၄၀ ခန့်အရွယ် ရမ်းဖိုရွာသားတစ်ဦးက ဆို သည်။
“မိုင်းဆွဲခံရပြီးတဲ့နောက် မော်တုန်း အမတ- ၃၀၆တပ်ရင်းအရှေ့မှာ ခဏနားတယ်၊ ပြီးမှ ဆက်မောင်းသွားတာ ၊ PDF တပ်ဖွဲ့က လမ်းကင်းယူထားတာ အင်အားအတော်များတယ်၊ အခုပါ သွားတာ သင်တန်းဆင်းလူသစ်တွေကို သိန်းခွန်းဘက်ပို့မှာဖြစ်ပြီး အဲဒီမှာ ထိထားတဲ့ လူနာတွေကို မြိတ်ကို ပြန်သယ်မှာလို့လဲ ပြောသံကြားတယ်” ဟု ၄င်းက ပြောသည်။
စစ်ကောင်စီတပ်မှ တနင်္သာရီ – မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် သိန်ခွန်းရွာကို စစ်ကြောင်း ထိုးနေသည်မှာ ၃ လကျော်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများတောက်လျှောက် ပြင်းထန်လျက် ရှိနေသည်။
သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ထုံခါရွာ အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ပြုလုပ်နေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟုပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ရမ်းဖိုကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်က ရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။