ရေဖြူတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ ရွာသားတစ်ဦးသေဆုံး။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက် ။
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် ကြီးစထိမှန်သဖြင့် ညှင်းထွေးရွာ သားတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ညင်းထွေးရွာနှင့် ကျောက်ကညာရွာအကြားတွင် မတ်လ ၂၄ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဥယျာဥ်ခြံအတွင်းမှ နေအိမ်သို့ပြန်လာသည့် ကိုသားငယ် ၄၀နှစ်ဆိုသူ စစ်ကောင်စီတပ်မှ ပစ်သည့် လက်နက် ကြီးတစ်လုံးအိမ်အနီးကျရောက်ပေါက် ကွဲပြီး ကျည်စထိမှန်သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ရွာသားတစ်ဦးက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ ခြံထဲကနေ အိမ်ကိုဆိုင်ကယ်နဲ့ပြန်ပြေးလာတာ၊ အိမ်ရှေ့အရောက်မှာ လက်နက်ကြီးလာကျတာ၊ ဆိုင်ကယ်ပေါ်ကမဆင်းရသေးဘူး ရင်ဘတ်မှာ မှန်သွားပြီးဆုံးသွားတာ´´ဟု ပြောသည်။
စစ်ကောင်စီတပ်က ညင်းထွေးရွာနှင့် ကျောက်ကညာကျေးရွာကြား၌ လမ်းကင်းချထားခဲ့ပြီးနောက် တပ်ပြန်ရုပ်သိမ်းနေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီခန့်မှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း ကျောက်ကညာရွာအ ခြေစိုက် စစ်ကောင်စီ၏ အမတ ၃၀၄ အမြောက်တပ်ဘက်မှလည်း လက် နက်ကြီးများဖြင့် ကူပစ်ပေးခဲ့သေးသည်ဟု ဆိုသည်။
စစ်ကောင်စီ၏တိုက်လေ ယာဉ်တစ်စင်း ကလည်းတိုက်ပွဲဖြစ်နေစဥ်အတွင်း ကျောက်ကညာရွာနှင့် ညင်းထွေးကျေးရွာ၏ ကောင်းကင်ယံတွင် ဝဲပျံလျက်ရှိသည့်အတွက် ရွာသားများက လေ ကြောင်းမှ တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပင်လျက်ရှိနေသည်ဟု ပြောဆိုသည်။
ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွား ရေးဇုန်ဧရိယာအတွင်းရှိ နဘုလယ်ခြေ တော်ရာဘုရားအနီး မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှာပင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့တို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟုလည်း ရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံးဖြစ်သည့် ပရဒပ်၊ လဲရှောင်၊ထိန်ကြီး စသောကျေးရွာများမှ အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ကလေးငယ်များပါဝင်သည့် ရွာသားများ အ ရေးပေါ် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရကြရသည်။