စစ်ကောင်စီ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်။
ကရင်နီပြည်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဆိုးဝါးစွာ ခံစားနေကြရသည် ဟု အကူအညီ ပေးနေ သူများက ပြောသည်။
ကရင်နီပြည်အတွင်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည့်အပြင် စိတ်ပိုင်းဆိုင်ရာ မူမမှန်တော့သည့် ကလေးငယ်များလည်းရှိနေသည်ဟု ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲ က ပြောသည်။
“ကလေးငယ်တွေကို သေဆုံးစေတာအပြင် မသန်စွမ်း ဖြစ်စေတာ။ ဘယ်လိုမသန်စွမ်း ဖြစ်စေတာလဲ ဆိုလို့ရှိရင် လေယာဉ်ဗုံးရဲ့ ဒဏ်ကြောင့် ကလေးငယ်တွေ နားစည်ထိခိုက်သွားတာ၊ ကိုယ်လက်အင်္ဂါထိခိုက်တာ မျိုးတွေရှိတယ်။ ပြီးတော့ကလေးသူငယ်က စကားပြောရမယ့်အရွယ်မှာ စကားမပြောနိုင်တာမျိုးတွေ၊ ကလေးတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကြောင့် ကလေးသူငယ်တွေ မသန်စွမ်းဖြစ်စေတဲ့ ဟာမျိုးတွေပေါ့နော်။ မူမမှန်တဲ့ ကလေးမျိုးတောင်ဖြစ်သွားတဲ့ ကလေး ဒီကရင်နီမှာဆိုလို့ရှိရင် ကလေးငယ် ၃ ဦးလောက်ဖြစ်သွားတဲ့ အနေအထားမှာရှိတယ်။ ဒဏ်ရာရတဲ့ ကလေးငယ်ကလည်း တော်တော်များများရှိတယ်ပေါ့နော်။”
ဒီးမော့ဆိုအနောက်ဘက်ခြမ်း လွိုင်နန်းဖကျောင်းကို လေယာဉ်ဗုံးကြဲချိန် ကိုယ်တိုင်ကြုံတွေ့ရသည့် ကျောင်းသူတစ်ဦးက “ကျောင်းမှာ လေယာဉ်လာကြဲတုန်းက မသိရင်သေသွားပြီ လားပေါ့။ အခုဆိုရင် လေယာဉ်သံ ကြားရင်တုန်နေ။ လေယာဉ်လာရင် ကြောက်တာပေါ့။ လာကြဲမလားအဲ့လိုမျိုး” ဟုပြောသည်။
အလာတူ ဒေါဆီအီစာသင်ကျောင်းကိုလေယာဉ်ဗုံးကြဲခဲ့ချိန် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောင်းသူတစ်ဦးက လက်ရှိသူမ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုကို ယခုကဲ့သို့ပြောသည်။
“လေယာဥ်သံလက်နက်ကြီးသံကြားတိုင်း စိတ်ကကယောင်ကချာ ဖြစ်သွားတယ်။ ပြီးတော့ ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိတော့ဘူး။ ညအိပ်တဲ့အချိန်ကော လေယာဥ်သံ ကြားပီဆိုအိပ်လို့ မရတော့ဘူး။ စာဆိုလည်း ကျက်တာမှတ်မိတဲ့ဟာတွေ မရှိတော့ဘူး။ ဘာလုပ်လို့လုပ်ရလုပ်မှန်းမသိတော့ဘူး။”
ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိစစ်ဘေးရှောင်ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးက “သူတို့တွေအဲ့လို (လေယာဉ်ဗုံးကြဲ)တွေ ကြုံပြီးတော့ အခုဆိုရင် လက်နက်ကြီးသံတွေ ကြားရင်| လေယာဥ်တွေရဲ့ အသံတွေ ကြားရင် ပြေးပီတော့ ပုန်းခိုချင်တဲ့စိတ်တွေ ပဲဖြစ်တော့တယ်” ဟုပြောသည်။
စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ကလေးငယ်များ၏ လွှတ်လပ်စွာပညာသင်ကြားခွင့် နှင့် လွှတ်လပ်စွာ အသက်ရှင်သန်ကြီးထွားခွင့်များကို ချိုးဖောက်မှုစသည့်ကလေးသူငယ်များ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို ဒေါ်မူစဲက ယခုကဲ့သို့ ဆက်ပြောသည်။
“ကလေးသူငယ်တွေအပေါ်မှာ ကြီးလေးတဲ့ချိုးဖောက်မှုတွေလို့ပြောရမယ်ဆိုလို့ရှိရင် ၆ ခု ရှိပေမဲ့လည်း ကရင်နီမှာကတော့ ၂ခုကို ကျူးလွန်ခံနေပါတယ်။ အဲ့ဒီကျူးလွန်နေတဲ့ဟာတွေကတော့ စာသင်ကျောင်းတွေမှာ၊ ဆေးရုံတွေမှာတိုက်ခိုက်တာ၊ နောက်တစ်ခုကြတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တားမြစ်တာပဲ ဖြစ်ပါတယ်။”
ကလေးသူငယ်များအတွက် လူ့အခွင့်အရေးဆုံးရှံးမှုများကို နိုင်ငံတကာကပါသိရှိစေရန် လိုအပ်သည်ဟု ဒေါ်မူစဲက “လူတိုင်းမှာတာဝန်ရှိတဲ့အတွက် လူ့အခွင့်အရေးဆိုတာဘာလဲ။ ကျမတို့မှာ ဘယ်လိုတာဝန်ရှိလဲ။ ဘယ်လို လိုက်နာရမလဲ ဆိုတာသိရှိရမယ်။ ဖြစ်ပေါ်လာတဲ့အပေါ်မှာလည်း ကျမတို့မှတ်တမ်းတင်ယူနိုင်ပြီး တော့မှ ဘာတွေကိုထုတ်ဖော်ပြောဆိုနိုင်မယ်ပေါ့နော်။ ကျမတို့အတွင်းပဲ သိနေလို့မရဘူးပေါ့နော်။ နိုင်ငံတကာ ကလည်း သိဖို့လိုတယ်။ ပြီးတော့မှဒါကို အရေးယူ လုပ်ဆောင်ဖို့ လိုအပ်တယ်။ နိုင်ငံတကာအလှူရှင်ကိုလည်း ပြောချင်တယ်။ ကျမတို့ကရင်နီမှာ ရှိနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အစိုးရအဖွဲ့စည်းမဟုတ်တဲ့ CBO,CSO တွေ သူတို့တွေကိုလည်း များများ အားပေး စေချင်တယ်” ဟုပြောသည်။
ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်နေရာအပြင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် အရပ်သားများ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကလေးငယ်များစွာ ထိခိုက်သေဆုံးရသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်တွင် လက်နက်ကြီးကြောင့် ကလေး ၂ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁ ဦးတို့ သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့်ကလေး ၁ဦး၊ မြေမြှပ်မိုင်းကြောင့် ကလေး ၁ဦး တို့ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ထုတ်ပြန်ချက်အရသိရသည်။