ကွန်ကရစ် တံတား တစ်စင်း ဗုံးကြောင့် ကျိုး၊ တနင်္သာရီ-မောတောင် လမ်းပိုင်း ပြတ်တောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်။
တနင်္သာရီ – မောတောင် နယ်စပ်ကုန် သွယ်ရေးလမ်းပိုင်း အပေါ်တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွန်ကရစ်တံတားတစ်စင်း ထက်ပိုင်းကျိုး ပြိုကျပျက်စီးသွားပြီး နယ်စပ် လမ်းပိုင်း ပြတ်တောက်သွားသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအုပ်စု ထုံခါ-မောတောင်လမ်းမကြီးပေါ်မှ ချောင်းနှစ်ပေါက်တံတားကို မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင် စီတပ်က ဂျက်ဖိုက်တာ ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင့် အမျိုးသား အစည်းအရုံး KNU က ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) တနင်္သာရီ မြို့နယ် ဥက္ကဌ ပဒိုစောညာဝါးက “ ချောင်းနှစ်ပေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊ KTLA နှင့် PDFတို့ ပူးပေါင်းပြီး မတ် လ ၁၇ ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ၄ ရက်ကြာခဲ့ တယ်၊ အဲဒီမှာ စစ်ကောင်စီတပ်အ ထိနာပြီး ပြန်ဆုတ်ခွာသွားကြတယ်၊ ပြီးတာနဲ့ မနေ့က ဗုံးလာကြဲတာပါပဲ´´ ဟု ပြောသည်။
ဂျက်တိုက်လေယာဥ်ပေါ်မှ ပေါင် ၃၀၀ဗုံးသီးနှစ်လုံးဖြင့် ကြဲချလိုက်သဖြင့် အကျယ် ၂၀ ပေ၊ အလျား ၂၄၀ ပေအရှည်ရှိသည့် ကွန်ကရစ်ံ တံ တား နှစ်ပိုင်းပြတ်ကျပျက်စီးသွားခဲ့ပြီး လမ်းပိုင်းပြတ်တောက်သွားသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ကျေးရွာများဘက်တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်လျက်ရှိနေကာ စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လက်နက်ကြီးများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
ချောင်းနှစ်ပေါက်ရွာမှ စစ်ကောင်စီတပ်ကိုဝင်ရောက်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်နေတဲ့ ချောင်းနှစ်ပေါက်ကို ဗုံးကြဲရုံတင်မကပဲ၊ တိုက်ပွဲ လုံးဝမဖြစ်တဲ့ ချောင်းလမုရွာကိုလဲ နှစ်ရက်ဆက် တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ကြသေးကြောင်း KNU က ပြောသည်။
မတ်လ ၁၇ ၊ ၁၈ ရက်နေ့များတွင် လေ ကြောင်းတိုက်ခိုက်မှု သုံးကြိမ်၊ ၁၉ရက် နေ့တွင် နှစ်ကြိမ်၊ ၂၀ ရက်နေ့တွင် ငါးကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်လုပ်ဆောင်ခဲ့သည်။
တနင်္သာရီ – ထုံခါ – မောတောင်လမ်းပိုင်းကို ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလ ၁၉ ရက်နေ့ ကတည်းက စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ပုံစာ- ချောင်းနှစ်ပေါက်ရွာ တိုက်ပွဲ အတွင်း KNU/KNLA မှ သိမ်းဆည်းရမိသည့် လက်နက်များ။