ကရင်နီတွင် မိုးသက်လေပြင်းကြောင့် အဆောက်အအုံ ၂၀ နီးပါး ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်။ 

ကရင်နီပြည်နယ်၊  နန်းမယ်ခုံမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ ဘုရားစေတီ အပါအဝင် စာသင်ကျောင်း၊ စစ်ရှောင်တဲနှင့် ဒေသခံနေအိမ်များ စုစုပေါင်း ၂၀ နီးပါး ပျက်စီးခဲ့သည်ဟု နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းက ပြောသည်။ 

နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်း ညွှန်ကြားရေးမှူးက မတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်လောက်မှာ လေစတိုက်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“စာသင်ကျောင်း တချို့နှင့် စစ်ရှောင်အိမ်ခြေ စုစုပေါင်း အလုံးနှစ်ဆယ်လောက် ပျက်စီးပါတယ်။ စေတီကတော့ တစ်ဆူပဲ သိရှိရတယ်ဗျာ” ဟုပြောသည်။

အဆိုပါမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားစေတီ ၁ ဆူ အပါအဝင် စာသင်ကျောင်း ၂ ကျောင်း၊ စစ်ရှောင်ဆိုင် ၁ ဆိုင်၊ စစ်ရှောင်တဲ ၂ လုံးနှင့် ဒေသခံနေအိမ် ၈ အိမ်  ပျက်စီးခဲ့သည်ဟု နန်းမယ်ခုံမြို့ နယ် ပူးပေါင်းအုပ်ချူပ်ရေး ကော်မတီကပြောသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့် စစ်ရှောင်တဲနှင့် စာသင်ကျောင်းများအတွက်လည်း အကူအညီများလိုအပ်နေသည်ဟု နန်းမယ်ခုံမြို့ နယ် ပူးပေါင်းအုပ်ချူပ်ရေးကော်မတီဝင် သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံက ပြောသည်။ “စာသင်ကျောင်းတွေ၊ အိမ်တွေ၊ စစ်ရှောင်တဲတွေအတွက် အမိုးအကာ လိုအပ်ပါတယ် ရှင့်ကျောင်းအသုံး အဆောင်တွေလည်း လိုအပ်နေပါတယ်” ဟုပြောသည်။

လက်ရှိကရင်နီပြည်နယ်တွင် စစ်ရေးပဋိပက္ခအပြင် သဘာဝဘေးနှင့်ပါ ရင်ဆိုင်နေကြရသည့်အတွက် ပြည်သူများ ခက်ခဲနေကြသည်ဟု နန်းမယ်ခုံ အားမာန်သစ် ပရဟိတ အသင်းညွှန်ကြားရေးမှူးက ဆက်ပြောသည်။

“ခုလောဆယ်တော့ အမိုးအကာလေးတွေ အရမ်းလိုအပ်နေပါတယ်။ ကျွန်တော့်အနေနဲ့တော့ပြည်သူတွေ ယခု ချိန်မှာ အရမ်းခက်ခဲနေတယ်။ အလှူရှင်တွေလည်း လိုအပ်နေတယ်။ အမြန်ဆုံး အချင်းချင်းအားဖြည့်ကူညီ စေချင်တယ်ဗျာ”

ယခင်နှစ် ဧပြီက အတွင်းကလည်း နန်းမယ်ခုံ မြို့နယ်တွင် ယခုကဲ့သို့လေနှင့်မိုး သည်းထန်စွာ တိုက်ခတ်ရွာသွန်း ခဲ့သေးသည်။