ကော့ကရိတ် မြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး တစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်။ 

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝိဇ္ဇာကုန်းကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက် တိုက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ် စကခ (၁၂) လက်အောက်ခံ တပ်သစ် အမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး (၅) လုံးဖြင့် ဧပြီလ ၁ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် လှမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြော သည်။

ဝိဇ္ဇာကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက စကျတာတော့ ၅ နာရီ မိနစ် ၄၀ လောက်မှာ ၅ နာရီခွဲလောက်မှာ ကျတယ်။ နောက်ပြီး သူ့ကိုထိတဲ့အချိန်ကတော့ ၆ နာရီထိုးလောက်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ လက်နက် ကြီး ၂ လုံးကျပြီး တတိယတစ်လုံး ကျပြီး ထိသွားတာ။ ရွာနားမှာလည်း တိုက်ပွဲဖြစ်တာ မရှိဘူး။ ရွာထဲကို လက်နက်ကြီး ၃ လုံးကျတယ်။ ရွာပြင်မှာလည်း ကျတယ် ဟု ပြောသည်။

စစ်ဘေးစစ်ဒဏ်နှင့် သဘာဝ ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား စစ်ကောင်စီတပ်မှ ငဲ့ညှာခြင်းမရှိဘဲ ပြည်သူနေ ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

ကျေးရွာထဲသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် ရွာသားအများစုမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ဆိုသည်။

ရွာသားတစ်ဦးက လက်နက်ကြီးကျတဲ့ အချိန်မှာတော့ ရွာသားတွေက ထွက်ပြေးကြတာပေါ့။ တော်တော် များ များက ပြန် မလာသေးဘူး။ ကြောက်တာပေါ့နော်။ ဒါပေမယ့် ရွာထဲက အဲ့ဒီအစ်မ တစ်ယောက်ဆုံးသွားတဲ့ အခါ ကြတော့ ကြောက်ကြောက်နဲ့ ပြန်လာပြီးတော့ သူ့ရဲ့ ရုပ်အလောင်းကိုတော့ သင်္ဂြိုလ်မှာ ဖြစ်တယ်ပေါ့နော်။ အကုန်လုံးတော့ မပြန်လာရဲကြဘူးပေါ့။ အခြေအနေကတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူးပေါ့။ လက် နက်ကြီးက စစ်တပ်ဘက်က ပစ်တာ ဟု ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ဝိဇ္ဇာကုန်းကျေးရွာနေ အသက် (၅၇) နှစ် အရွယ်ရှိ အမျိုးသမီး (၁) ဦးမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရွာကို မီးပေးတဲ့ ဆိုလာပြားတော့ ပေါက်သွားတယ်လို့ ပြောတယ်။ အိမ်ခေါင်မိုးတွေဘာတွေ ပေါက် ကုန်တယ်။ ထိကုန်တယ်။ ပျက်စီးကုန်တယ်။ အဲ့ဒီသေသွားတဲ့ အစ်မရဲ့ အိမ်ဆိုရင်တော့ အိမ်ခေါင်မိုး တော်တော် များများ ထိသွားတယ် ဒီမနက်ပိုင်းသွားကြည့်တာလေ။ လက်နက်ကြီးအစတွေ ထိတာလည်း အများကြီးပဲ။ ရွာမှာက လုံခြုံမှုလည်း လုံးဝမရှိတော့ဘူး ဟု ဝိဇ္ဇာကုန်းကျေးရွာနေ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးတွင်ရှိသော ပြည်သူလူထုမှာ စစ်ဘေးစစ်ဒဏ်များကြောင့် သော်လည်း ကောင်း၊ သဘာဝ ဘေးဒဏ်များကြောင့် သော်လည်းကောင်း အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒုက္ခ ရောက်နေချိန်တွင် လူသားချင်း စာနာထောက်ထားမှု မရှိဘဲ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေး အဆောက်အအုံများ၊ ပြည်သူ့ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်သည့် နေရာများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ် တိုက်ခိုက်နေသည်ဟု KNU က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။