ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် အိုးဘိုထောင်မှ အကျဉ်းသားများ ဆေးကုသခွင့် ကန့်သတ်ခံနေရ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်။

မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပြိုကျပြီး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူ/သားများ ဆေးကုသခွင့် ကန့်သတ်ခံနေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကပြောသည်။

မတ်လ ၂၈ ရက်နေ့က ရစ်ချ်တ်တာစကေး ၇.၇ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုအကျဥ်းထောင် တွင် အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင် ၁၊ ၂ နှင့် အမျိုးသမီး ဆေးရုံဆောင်များ ပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင် အလုပ်ရုံ အပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်ဟု ဆိုသည်။

အဆောက်အအုံ ပြိုကျမှုကြောင့် အကျဉ်းသူ/သား အချို့ရရှိသည့် ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင် အတွင်း ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရဘဲ ယနေ့ အချိန်ထိ ကန့်သတ်ခံထားရသူများစွာ ရှိသည်ဟု PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြော သည်။။

“ကျနော်တို့ ပုံမှန် အခြေအနေမှာတောင် ရှိတဲ့အကျဉ်းသား ဖျားနာမှုနဲ့ ဆရာဝန်အင်အား မလောက်ငှမှု ဖြစ်နေ တဲ့ အခြေအနေမျိုးမှာ ရုတ်တရက် ငလျင်ဒဏ်ကြောင့်မို့ ထိခိုက်သေဆုံးမှုတွေလည်း အများကြီးဖြစ်ခဲ့တယ်။ အဲ့လို အခြေအနေမျိုးမှာ ခြေကျိုး၊ ဦးခေါင်းထိခိုက် ထားတဲ့လူတွေကို ဆေးဝါးကုသမှုဟာ အရေးပေါ် အခြေ အနေမျိုး ကြုံခဲ့ရတာရှိတယ်။ ခြေကျိုးမှုတွေ လက်ကျိုးမှုတွေကိုလည်း ထောင်ထဲမှာ အင်အားမလောက်ငှမှုမှာ အပြင်ကို သွားရောက်ကုသဖို့ တောင်းဆိုရတာမျိုးရှိတယ်။ ဒီတောင်းဆိုမှုတွေကို ခွင့်မပြုဘဲနဲ့ ထောင်ထဲမှာ ပဲဆက်ပြီမှထားတဲ့ အခြေမျိုး ကြုံနေတာကိုတွေ့ရတယ်။”

ငလျင်ကြောင့် အိုးဘိုအကျဥ်းထောင်ရှိ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦးနှင့် ကျား/မ အတည်ပြုရန် လိုအပ်နေဆဲ (၁)ဦး အပါအဝင် စုစုပေါင်း (၄) ဦး သေဆုံးခဲ့ပြီး ပြင်းထန် ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ (၉) ဦး နှင့် ဆေးရုံတက်ရန်လိုအပ်သူ အယောက် (၄၀) ကျော်ရှိသည်ဟု PPNM က ဆိုသည်။ 

ထို့အတူ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များနှင့် ဆက်သွယ် တွေ့ဆုံခွင့်မရသည့် ကန့်သတ်မှု အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

အကျဉ်းထောင်များ အတွင်း အကျဉ်းသူ/သားများအတွက် လုံလောက်သည့် ဆေးဝါးကုသမှုများ လိုအပ်နေသည် ဟု ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ဆက်ပြောသည်။

အကျဉ်းထောင်ထဲမှာ ထိခိုက်သေဆုံးရသူတွေ ရှိသလို ဒဏ်ရာပြင်ထန်ရတဲ့ သူတွေကိုလည်း လုံလောက်တဲ့ ဆေးဝါးကုသမှု ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ပေးမှသာလျှင် ကျနော်တို့ အသက်သေဆုံးမှုစာရင်းတွေ လျှော့ချနိုင်မှာ ဖြစ်ပြီးမှ လူ့အသက်ကို ကယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူသားတိုင်း ရရှိသင့်တဲ့ အသက် ရှင်သန်ပိုင်ခွင့်ကိုတော့ အပြည့်အဝပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ် ခင်ဗျ။”

လက်ရှိ အကျဉ်းထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်းများ လိုအပ်လျှက်ရှိသည်ဟုဆိုသည်။

အကျဉ်းထောင်များထဲတွင် ထောင်အာဏာပိုင်များ၏ အမိန့်ပေးခိုင်းစေမှုဖြင့် အခြား ရာဇဝတ် အကျဉ်းသားများ နှင့် ဝန်ထမ်းများ၏ ရိုက်နှက်ဖိနှိပ်မှုများအပြင် နေထိုင်စားသောက်ရေး အခက်အခဲ အခြေအနေများ စသည့် အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံရေးအကျဉ်းသားများက ရင်ဆိုင်ကြုံတွေ့ရသည် ဟု ကိုသိုက်ထွန်းဦး က ပြောသည်။