“မြန်မာပြည်ရှိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း ၁၉၈၈ ကနေ ၂၀၂၄ အထိ” ဆိုသည့် စာအုပ်မိတ်ဆက်ပွဲ ချင်းမိုင်တွင် ကျင်းပ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်။
“မြန်မာပြည်ရှိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း ၁၉၈၈ ကနေ ၂၀၂၄ အထိ” ဆိုသည့် စာအုပ်မိတ်ဆက်ပွဲနှင့် ရန်ပုံငွေရှာဖွေပွဲ တစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တစ်နေရာတွင် ကျင်းပခဲ့သည်။
အိန္ဒိယ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် စာရေးဆရာလည်းဖြစ်သူ နန်ဒီတာဟက်ဆာနှင့် မဇ္ဈိမမီဒီယာကို ပူးတွဲ တည်ထောင်သူ ဦးစိုးမြင့်တို့ ပူးပေါင်းရေးသားထားသည့် “မြန်မာပြည်ရှိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း ၁၉၈၈ ကနေ ၂၀၂၄ အထိ” ဆိုသည့် စာအုပ်မိတ်ဆက်ပွဲနှင့် ရန်ပုံငွေရှာဖွေပွဲကို ဧပြီလ ၃ ရက်နေ့က ကျင်းပခဲ့ ခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဦးစိုးမြင့်က “အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်တဲ့ မီဒီယာတစ်ခု ဖြစ်တဲ့ မဇ္ဈိမရဲ့ သမိုင်းကြောင်းတင် မဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သမိုင်းခရီးစဉ်မှာ မဇ္ဈိမက ဘယ်လို ပါဝင်ခဲ့လဲ၊ ဘယ်လို လုပ်ဆောင်ခဲ့လဲဆိုတာကို သိစေချင်လို့ ဒီစာအုပ်ကို ရေးသားပြီး ထုတ်ဝေတာပါ။ ဒါ့အပြင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းအားဖြင့် ခုခေတ် လူငယ်တွေအနေနဲ့ ဒီခရီးလမ်းက နေကောင်းတာတွေယူ၊ မကောင်းတာတွေပယ်ပြီး သူတို့ရဲ့ အနာဂတ်ခရီးမှာ ပိုမို ထိရောက်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။
အိန္ဒိယနိုင်ငံတွင် စတင်တည်ထောင်ခဲ့သည့် မဇ္ဈိမသတင်းဌာနမှာ ၂၀၁၂ ခုနှစ်ကစပြီး မြန်မာပြည်တွင်း၌ လည် ပတ်ခဲ့ပြီး တီဗီချန်နယ်၊ ဆိုရှယ်မီဒီယာ ကြော်ငြာများနှင့် စာဖတ်သူတို့၏ ထည့်ဝင်ငွေများနှင့် အမှီအခို ကင်းစွာ ရပ်တည်နိုင်ခဲ့သည်။
ထို့နောက် စစ်အာဏာသိမ်းပြီး ကာလတွင်လည်း စစ်ကောင်စီက မီဒီယာသမားများအား ပစ်မှတ်ထား ဖမ်းဆီးမှု များကြောင့် နိုင်ငံတကာ၏ အကူအညီများနှင့် ပြည်ပ၌ ဆက်လက် လည်ပတ်ခဲ့ရသည်။
သို့သော် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး အမေရိကန်အစိုးရ၏ အကူအညီများ ရပ်တန့်သွားသည့်အတွက် မဇ္ဈိမအပြင် အခြား လွတ်လပ်သည့် မြန်မာသတင်းဌာနများမှာ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
သက်တမ်းအားဖြင့် ၂၆ နှစ်ရှိပြီဖြစ်သည့် မဇ္ဈိမသတင်းဌာနက ဖြတ်သန်းခဲ့သည့် ကာလတစ်လျှောက် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင်လည်း ငွေကြေးအခက်အခဲများ ကြားမှ ဆက်လက် လည်ပတ်နေရသည်ဟု ဦးစိုးမြင့်က ဆက်ပြောသည်။
“ငွေရေးကြေးရေးက အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံတကာ အထောက်ပံ့ အကူအညီတွေကို ယူရတယ်။ အခုနောက်ပိုင်းမှာ အဲဒါတွေ လျော့လာတယ်။ မရှိတာ မဟုတ်ပါဘူး၊ လျော့လာတာပါ။ အဲဒီဟာနဲ့ ရပ်တည် နေရတဲ့ အခါကျတော့ ပိုပြီးတော့ ရုန်းကန်ရမယ့် အလားအလာပါ။”
အဆိုပါ အခက်အခဲများ ကြားကနေပဲ ရှေ့ဆက်ပြီး လွတ်လပ်သည့် မီဒီယာတစ်ခုအနေဖြင့် အမှီအခိုကင်းကင်း နှင့် ဆက်လက် လည်ပတ်နိုင်ရန် ဖြစ်နိုင်သည့် နည်းလမ်းများရှာပြီး ကြိုးစားနေရသည်ဟု ဦးစိုးမြင့်က ဆက် ပြော သည်။
“လွတ်လပ်တဲ့ မီဒီယာတစ်ခု တည်ထောင်ဖို့၊ ဆက်လက် ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် တကယ့် Professional ကျတဲ့၊ မှန်ကန် တိကျတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် အထူးသဖြင့် ကြော်ငြာနဲ့ စာဖတ်သူတွေကနေ ထည့်ဝင်မှု၊ စာဖတ်သူတွေ ကနေ စာကို ပိုက်ဆံပေးပြီးတော့ ကြည့်တာ၊ ဖတ်ရှုတာ၊ တချို့ အချက်အလက်တွေ ကျနော်တို့ ဝန်ဆောင်မှုတွေ လုပ်ခြင်းအားဖြင့် မီဒီယာကို ပြန်ပြီးတော့ ငွေရေးကြေးရေး ထောက်ပံ့ ကူညီနိုင်တဲ့ လမ်းကြောင်းကို လက်ရှိမှာ လုပ်ဆောင်နေပါတယ်။”
၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးစိုးမြင့်က မဇ္ဈိမသတင်းဌာနမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် ဆက်လက် ရပ်တည်သွားမည်ဟု ဆိုသည်။
ဧပြီလ ၃ ရက်နေ့ ပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲက ရရှိသည့် ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုပါ ငလျင်ဒဏ် ခံစားနေရသော ပြည်သူများအတွက် ပေးအပ်သွားမည်ဟု ဆိုသည်။