ထားဝယ် အရှေ့တော တပိုင်တနိုင်ခဲတွင်းမှာ KNU အခွန်ကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။ 

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင် ရှိနေသည့် တစ်နိုင်တစ်ပိုင် ခဲသတ္တု တူးဖော်ရေး လုပ်ကွက်များကို ကရင်အမျိုးသား အစည်းအရုံး KNU က အခွန်ကောက်ခံခဲ့သည်ဟု ရွာသားများက ပြောသည်။

ဧပြီလဆန်းပိုင်းမှ စတင်၍ ခဲလုပ်ငန်း လုပ်ကွက်များရှိနေသည့် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ သရက် ငုတ်နှင့် ပခပ် စသည့် ကျေးရွာများတွင် KNU ဘက်က လာရောက်ကောက်ခံသွားခြင်း ဖြစ်သည်။

လုပ်ငန်းပိုင်ရှင်တစ်ဦးကို အခွန်ငွေကျပ်နှစ်သိန်းစီဖြင့် KNU တာဝန်ခံတစ်ဦးက လာရောက် ကောက်ခံ သွားသည်ဟု ပြောသည်။ 

အသက် ၄၀ခန့်အရွယ် လုပ်ငန်းရှင်တစ်ဦးက ပိုက်ဆံကောက်မယ်လို့ မတ်လမကုန်ခင် ကတည်းက ကြိုပြော ထားပြီးတော့ လကုန်တာနဲ့ လာကောက်တာပါပဲ ဟု ပြောသည်။

ခဲသတ္တု တူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများမှာ ခဲဖောင်များနှင့် ရေဆိုင်းလုပ်ငန်းများ အပြင် ကုန်းဆိုင်း လုပ်ငန်းများပါ နှစ်မျိုးစလုံး လုပ်ကိုင်နေကြပြီး အခွန်ငွေကိုလည်း လုပ်ငန်း နှစ်မျိုးစလုံးမှာ ကောက်ခံသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

တစ်လတစ်ကြိမ် ပုံမှန်ကောက်ခံသွားမည် ဖြစ်ကြောင်း KNU ဘက်မှ ပြောဆိုထားသည်ဟု ဆိုကြသည်။

အခွန်ကောက်ခံသွားခဲ့သည့် ကျေးရွာငါးရွာတွင် လက်လုပ်လက်စား ခဲဖောင်များ ရာနှင့်ချီ၍ ရှိနေပြီး ကားဖြင့် သယ်ယူရောင်းချရာတွင်လည်း တစ်ပိဿာလျှင် လက်ရှိပေါက်စျေး၏ ငါးရာခိုင်နှုန်းကို KNU မှ အခွန် ကောက်ခံ နေခြင်းများရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အခွန်နှစ်ခါပေးဆောင်နေရပြီး အဆင်မပြေမှုများ ရှိနေကြသည်ဟု ရွာသားများက ပြောသည်။

ခဲသတ္ထုတူးဖေါ်ခြင်းများကို ကုမ္ပဏီကြီးများက စက်ယန္တရားများနှင့် လုပ်ကိုင်နေကြပြီး လုပ်ငန်း၏ အကြီး အသေး ပေါ်မူတည်၍ အခွန်ကောက်ခံမှုများ ရှိနေသည်ဟု ရွာသားများက ဆိုသည်။

ဓါတ်ပုံ – Crd (လိပ်ကြယ်ပြောင်ကျေးရွာမှ ခဲဖေါင်တစ်ခုပုံ)