ဖမ်းဆီးခံ ရွာသာများ ပြန်လွတ်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ အုပ်စုမှ ရွာသားများ ပြန်လည် လွတ်မြောက်လာပြီဟု ရွာသားများက ပြောသည်။
ဖမ်းဆီးခံထားရသည့် ရွာသားများအား နှစ်ကြိမ်ခွဲ၍ လွှတ်ပေးခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “လက်ရှိတော့ အကုန်လုံးပြန်လွှတ် ပေးလိုက်ပါပြီ၊ စစ်တပ်ကတော့ ရွာအထဲမှာ တပ်စွဲထားတယ်၊ နေရာတွေခွဲပြီး တစ်ရွာလုံးလိုက်ချထားတယ်” ဟု ပြောသည်။
ဇာဒီကျေးရွာအုပ်စုထဲသို့ စစ်ကောင်စီစစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်း၊ ထွက်ဝကျေးရွာများမှ ရွာသားများအပြင် ကျေးရွာအတွင်း ကျန်ရှိနေသည့် အသက်ကြီးပိုင်းများနှင့် အမျိုးသမီးများကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ခေါင်ပြန်နှင့် ဒိုက်တကော်ကျေးရွာတို့တွင် အဖမ်းခံရသည့် ရွာသား ခြောက်ဦးနှင့် ဇာဒီရွာသား ငါးဦးတို့မှာ ဧပြီလ ၃ ရက်နေ့ ကတည်းက ပြန်လွတ်လာခဲ့ပြီး ကျန်သည့်လူများကို ဧပြီလ ၅ ရက်နေ့ မွန်းတည့်ပိုင်းက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဇာဒီကျေးရွာတွင် ရွာသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် က ရွာသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းက လှေငယ်များ အသုံးပြု၍ ချောင်းရိုးတစ်လျောက် လိုက်လံ စစ်ဆေးရှာဖွေခြင်းများ အပြင် မြေပြင်တွင်လည်း တောနင်းရှာဖွေခြင်းများကို ပြုလုပ်ခဲ့ကြသည်။
စစ်ကောင်စီတပ် ရှိနေသေးတာကြောင့် ဇာဒီကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာငါးရွာ ထက်မနည်း က ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာများတွင် တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ဆိုသည်။