ရှမ်းတောင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် လက်သမားနှင့် ပစ္စည်းကိရိယာများ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အကူအညီ များစွာ လိုအပ်နေသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်သူများက ပြောသည်။
လက်ရှိ ဒေသတွင်း ပြန်လည်ထူထောင်ရေး ကာလ၌ လက်သမား၊ ချိန်းဘလောက်၊ ဆိုလာမီးသီး၊ အိမ်ဆောက် ပစ္စည်း၊ ခေတ်မီစက်ပစ္စည်းများနှင့် ငွေကြေး လိုအပ်နေခြင်း ဖြစ်သည်။
ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ကိုနိုင်ထူးဆိုသူမှ “လက်သမားက အများကြီး လိုတယ်။ အား လုံးက ကိုယ့်အိမ်ကိုယ် ပြန်ဆောက်နေရတာနဲ့ လက်ခံတာများနေတာနဲ့ ခေါ်မရဘူး။ လူငယ်လက်သမားတွေ လည်း စစ်မှုထမ်း ရှောင်နေကြတာနဲ့ တောထဲမှာနဲ့ဆိုတော့ လက်သမားများများစားစား မရှိကြဘူး” ဟု ပြော သည်။
ငလျင်ဘေးအတွင်း ပျက်စီးခဲ့သည့် လူနေအိမ်များအားလုံး ပြန်ဆောက်မည်ဆိုပါက တစ်နှစ်ခန့် ကြာနိုင်ပြီး လာ မည့် မိုးတွင်းကာလသို့ ကူးပြောင်းသွားပါကလည်း အလုပ်မတွင်ကျယ်နိုင်သဖြင့် လက်သမားများ အပူတပြင်း ရှာဖွေနေကြရသည်။
လတ်တလော ယာယီတဲများသာ ဆောက်လုပ်နေထိုင်လျက်ရှိပြီး အမိုးအတွက် သက်ကယ် အချပ်တစ်ရာကို ကျပ်တစ်သိန်းကျော် ဝန်းကျင်၊ ဝါးတစ်လုံးလျှင် ကျပ်တစ်သောင်းခွဲ ဝန်းကျင် ကျသင့်မည်ဟု ဆိုကြသည်။
“အင်းလေးတစ်ခွင်မှာ ရှိတဲ့ဝါးတွေနဲ့ ပြန်ဆောက်ရင်တောင် ဘယ်လိုမှ မလောက်ဘူး။ ဒီအတွက် တခြားနယ် တွေ ဖက်ကတည်း ဝါးအလှူရှင်တွေလိုတယ်။ တဲတစ်ခုလုံး လှူမယ်ဆိုရင်တော့ ၄ သိန်းကျပ်လောက် ကျနိုင် တယ်။ ဒီကာလ ထမင်းတွေရိက္ခာတွေထက် ကျနော်တို့ဘယ်လို ပြန်ရုန်းထရမလဲ။ အဲအတွက် ဘာအထောက် အကူ ပစ္စည်းလိုမလဲပေါ့နော်။ ကင်မရာကြီးတကားကားနဲ့ မုန့်လိုက်ဝေတာလည်း တော်သင့်ပါပြီ” ဟု ကိုနိုင်ထူး က ဆက်ပြောသည်။
ထို့အပြင် အိမ်များရှင်းလင်းရေး လုပ်ရန်အတွက် ချိန်းဘလော့များလည်း အများအပြား လိုအပ်နေပြီး စစ်ကောင်စီ လက်အောက်ခံ ဆယ်မြောင်းဌာနမှ Backhole (မြေတူးစက်များ) မှာလည်း ရှိသည့် အိမ်အရေ အတွက်နှင့် မလောက်ငှနိုင်ဘူးဟု ဆိုကြသည်။
အင်းလေးနှင့် ကလောမြို့နယ်တို့တွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသူ ကိုသန်းကြွယ်က “ညဆို စုအိပ် ကြတဲ့ လူတွေအတွက် ဆိုလာမီးသီး အရမ်းလိုပါတယ်။ ယိုးဒယားဖျာဖြစ်ဖြစ် အခင်းဖြစ်ဖြစ် အဲ့ဒါတွေလည်း လိုတယ်။ တချို့က ဘာအခင်းမှမပါပဲ အိပ်နေရတာ” ဟု ပြောသည်။
မတ်လ ၂၈ ရက်နေ့အတွင်း မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အင်အား ၇.၇ မီတာစကေး ပြင်းအားရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ရာ အင်းလေးဒေသ၌လည်း အိမ်ခြေ ၂၆၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေကြေပျက်စီးခဲ့ရခြင်း ဖြစ်သည်။
အင်းလေးဒေသသည် ခရီးသွားဧည့်သည်များကို အမှီပြု ရပ်တည်နေရသည် ဖြစ်ရာ COVID-19 နှင့် စစ်အာဏာ သိမ်းမှု အစောပိုင်းကာလများ ကတည်းက ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ အလယ်ပိုင်း၌လည်း ရေဘေးအန္တရာယ်နှင့်ပါ ကြုံခဲ့ရသဖြင့် အခြားငလျင်ဒဏ်သင့် ဒေသများထက် အကူအညီ များစွာ လိုအပ်နေကြသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတာဝန်ခံများက ဆို သည်။