ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၆ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။ 

မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆ ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ဧပြီ ၅ ရက်နေ့က ထုတ်ပြန်သည်။ 

အတည်ပြုထားနိုင်သော ထိခိုက်သေဆုံးသူ ၆ ဦးမှာ မမိုးသူဇာနိုင်၊ ဒေါ်လဲ့လဲ့မိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း၊ မဖူးဝေဝေတို့ ဖြစ်ပြီး ဆေးကုသခွင့် မရသေးသူ စုစုပေါင်း အယောက် ၄၀ ထက် မနည်းလည်း ရှိနေသည်ဟု PPNM က ဆိုသည်။

မြေငလျင်လှုပ်ခတ်စဉ်အတွင်း အိုးဘိုထောင်ရှိ အမျိုးသမီး အဆောင် ၁ နှင့် ၂ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့ရ ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ဦးဆောင် ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦး က ပြောသည်။

ကိုသိုက်ထွန်းဦးက ငလျင်ကြောင့်ဆုံးတဲ့သူတွေက အကျဉ်းထောင်ဆိုက်တွေမှာ လူဦးရေ ကြပ်ညှပ်စွာနဲ့ နေထိုင်နေရတဲ့ အချိန် ပြီးတော့ထောင်အခေါ်အရ တန်းပိတ်ချိန်ပေါ့နော်။ အခန်းထဲမှာပဲ သော့ခလောက် ခတ်ခံထားတဲ့ အချိန်တွေ ဖြစ်တဲ့အတွက် သေဆုံးမှုတွေ ဒီလောက်မြင့်တယ်လာတယ်လို့ ပြောလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် ဆုံးခဲ့တာလို့ ပြောချင်ပါတယ်။ ဒါပေမယ့်တချို့က ချက်ချင်းဆုံးတာ မဟုတ်ဘဲနဲ့ အပြင်မှာဆုံးသွားသူတွေလည်း ရှိပါတယ် ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်မှုအတွင်း  ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များမှ သတင်းထိန်ချန်မှုကြောင့် ဧပြီလ ၅ ရက်နေ့မှသာ ထုတ်ပြန်ရခြင်း ဖြစ်သည်။

ထို့အပြင် ၉ ဦးမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေပြီး လက်တလော ကာလ၌ အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများ အရေအတွက်ကို ခွဲခြားသတ်မှတ်ရန်  ခက်ခဲသည်ဟု ဆိုကြသည်။

“ဒီ ၆ ဦးက အနည်းဆုံး အရေအတွက် ဖြစ်ပြီးတော့ ကျန်အရေအတွက်တွေကို ဆက်ပြီး အတည်ပြုနေဆဲ ဖြစ်တယ်။ ရရှိတဲ့အချက်အလက်တွေနဲ့ အတည်ပြုနိုင်တဲ့ဟာတွေကိုတော့ အချိန်နဲ့တပြေးညီ ကျနော်တို့ ထုတ် ပြန်နိုင်ရေး ကြိုးစားလျက် ရှိပါတယ်။ သိုသော်လည်းပဲ ထောင်အာဏာပိုင်တွေဖက်က သတင်းစီးမှုနဲ့ သတင်း ရယူခွင့်တွေကို ကန့်သတ်တဲ့ အခြေအနေတွေကြောင့် ကျနော်တို့တွေ အခုလိုမျိုး နှောင့်နှေးပြီးမှ ထုတ်ပြန်နေရ တာ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

မတ်လ ၂၈ နေ့အတွင်း စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းတောင်တို့တွင် အင်အား ၇.၇ မီတာစကေး ပြင်းအားရှိ မြေငလျင် ဦးတည်လှုပ်ခတ်ခဲ့ရာ အိုးဘိုထောင်တွင် လူဦးရေပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ထောင်ဝန်ထမ်းများဖက်မှ ၆ ဦး ပါဝင်ခဲ့သည်။

လက်ရှိ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်သင့် အကျဉ်းသားများအတွက် အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေး၊ ပတ်တီး စသည့် အရေးပေါ် ကုသရေးပစ္စည်းများ လိုအပ်နေပြီး မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် ပိတ်ပင် ထားသည်ဟု PPNM က ဆိုသည်။