ရှမ်းမြောက် တောင်းခမ်းတွင် တိုက်ပွဲ ပြင်းထန်၊ လေယာဉ်ဖြင့် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုများပါ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
နောင်ချိုမြို့နယ်အတွင်းရှိ တောင်းခမ်းကျေးရွာတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မြေပြင် သတင်း အရင်းအမြစ်များက ပြောသည်။
တောင်းခမ်းဒေသခံ တစ်ဦးက “တိုက်ပွဲက ရပ်မယ်သာ ထုတ်ပြန်ထားကြတာ တကယ်တော့ မြေပြင်မှာက တိုက် ပွဲက ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။ လေယာဉ်နဲ့လည်း လာပစ်တယ်။ နောင်ချို တောင်းခမ်းဆိုရင် လေယာဉ် နဲ့ လာမပစ်တဲ့နေ့ကို မရှိဘူး။ ဆက်တိုက်ပစ်နေတာ” ဟု ပြောသည်။
ဧပြီလ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ အမြောက်တပ်စခန်း ၉၀၂ တပ်ရင်းနေရာတွင် နှစ်ဖက်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် အပြင် စစ်တပ်က လေကြောင်းမှပါ လာရောက် ဗုံးကြဲသွားသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
အလားတူ တောင်ခမ်းကျေးရွာရှိ ၉၀၂ တပ်စခန်းအနီးတွင် စစ်ကောင်စစ်တပ်မှ အဆိပ်ငွေ့ ဗုံး (၃)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်ဟုလည်း တအာင်းတပ် TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် နောင်ချိုမြို့နယ်ထဲက နမ့်ဆောင်ဟူးကျေးရွာထဲကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၅ ရက်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ အကြာ အပစ်ရပ်မည်ဟုကြေညာခဲ့သော စစ်ကောင်စီ တပ်သည် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေသည်ဟု TNLA က ဆိုသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့ အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူး ကျေးရွာတို့တွင်လည်း ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများ အပြား ထိမှန်ပျက်စီးသွားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ချိန် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ် သည် နောင်ချိုမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ကြာ အပစ်အခတ်ရပ်စဲထားမည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း အရပ်သားပြည်သူများ ရှိရာနေရာကို ဗုံးကြဲမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက စွပ်စွဲထားသည်။