စစ်ကောင်စီလက်ချက်ကြောင့် မတ်လအတွင်း အရပ်သား ၅ ဦးသေ၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရ ဟု KnHRG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မတ်လအတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေး အဖွဲ့ KnHRG က ဧပြီလ ၈ ရက်နေ့(ယမန်နေ့) က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး၊ မြေမြုပ်မိုင်းကြောင့် အမျိုးသား ၁ ဦးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့သည်ဟု KnHRG က ပြုစုထားသည့် စာရင်းအရ သိရသည်။

ထို့အပြင် လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၇ ဦးနှင့် ကလေး ၃ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး တို့အပြင် မြေမြုပ်မိုင်းကြောင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စုစုပေါင်း အရပ်သား ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KnHRG က ဆိုသည်။ 

မတ်လအတွင်း  စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု ၁၂ ခု၊ လေကြောင်းတိုက်ခိုက်မှု ၉ ခု၊ သတ်ဖြတ်ခံရမှု ၁ ခုနှင့် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၄ ခုကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ အနိုင်အထက် ဖမ်းဆီးခံရမှု ၂၀ နှင့် အဆောက်အအုံ ၂၅ ခုနှင့်အထက် ပျက်စီးခဲ့သည်ဟု ဆိုသည်။

လက်ရှိ စာရင်းများသည် KnHRG က ကောက်ယူထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်များနိုင်သည်ဟု KnHRG က ပြောသည်။