တပ်ပြေးတစ်ဦး PDF သို့ ဘက်ပြောင်းခိုလှုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်။ 

ကော့သောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူ တစ်ဦး ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) က ပြောသည်။ 

ဘက်ပြောင်းခိုလှုံလာသူမှာ ခြောက်မိုင်ကျေးရွာ အခြေစိုက် ခမရ ၄၃၁ တပ်ရင်းမှ ထွက်ပြေးလာသူ ဖြစ်သည်။ 

ကော့သောင်းမြို့နယ် ပကဖ အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဖုန်းနဲ့ ဆက်သွယ်ပြီး အလင်းဝင်တာပါ၊ သူ့မှာ ခဲယမ်းလက်နက်တော့ မပါဘူး၊ မနက်တန်းစီနေတုန်း ထွက်ပြေးလာတာလို့တော့ ပြောတယ်၊ သူက ဒီနယ်မှာ လမ်းကျွမ်းတော့ လွတ်တာ။ မကျွမ်းကျင်တဲ့ လေးဦးက ပြန်ဖမ်းမိတော့ ရိုက်ပုတ်ပြီး ပြန်ဖမ်းသွားတယ်၊ ထိုင်းက ပြန်ပို့ခံရတဲ့သူ အကုန်လုံးကို စစ်မှုထမ်းစုဆောင်းခံရတာပါဟု ပြောသည်။

ထွက်ပြေး လွတ်မြောက်လာသူသည် အသက် ၂၀ ခန့်အရွယ် ကော့သောင်းနယ်ခံ တစ်ဦး ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့က ထွက်ပြေးခိုလှုံလာခြင်း ဖြစ်သည်။ 

ထိုသူမှာ ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့ရာတွင် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် တပ်သားသစ်အဖြစ် စုဆောင်းခံရကာ ခမရ ၄၃၁ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည် ဟု ဆိုသည်။ 

စစ်ကောင်စီ၏ ခမရ ၄၃၁ တပ်ရင်းမှ ထွက်ပြေးလာသူ ငါးဦးထဲမှ လေးဦး ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ကိုမင်းမင်း တစ်ဦးသာ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ 

လက်ရှိတွင် ကိုမင်းမင်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ပကဖ က ပြောသည်။ 

ပြီးခဲ့သည့် ‌ဖေဖော်ဝါရီလ အတွင်းကလည်း မြိတ်မြို့တိုက်/စည်း (ရွှေဒူး) တပ်ရင်းတွင် စစ်မှုထမ်း စုဆောင်းခံ

ထားရသူများ အထဲမှ ၁၆ ဦး ထွက်ပြေးပြီး ၄ ဦး ပြန်လည် ဖမ်းဆီးခံလိုက်ရကာ ၁၀ ဦးလွတ်မြောက်လာသည်ဟု မြိတ် – ပကဖအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထိုင်းဘက်ခြမ်းမှ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်၍ အပို့ခံရသူများ အထဲမှ စစ်မှုထမ်း စုဆောင်းခံရသူများကို ခမရ ၄၃၁ တပ်ရင်းမှ တဆင့် ပုလောမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ပို့ဆောင်နေ ကြောင်း မြေပြင်ရှိ သတင်းအရင်းအမြစ်များက ဆိုသည်။