ငလျင် ထူထောင်ရေး အဖွဲ့အစည်းများအား စစ်ကောင်စီ စစ်ဆေးမှု တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်။ 

ရှမ်းပြည် တောင်ပိုင်းရှိ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း များကို စစ်ကောင်စီတပ်များက အစစ်အဆေး တင်းကြပ်နေသည်ဟု ပရဟိတအသင်းဝင် အချို့က ပြောသည်။

ငလျင်ဘေး ကူညီဆောင်ရွက်သူများကို ဖုန်း၊ တက်ပလက်၊ ကွန်ပြူတာများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စစ်မှုထမ်း စာရင်းပါ/မပါ စစ်ဆေးခြင်း၊ လှူဒါန်းထားသည့် ပစ္စည်းများအပေါ် ငွေကြေးတောင်းခံခြင်းများ လုပ်နေခြင်း ဖြစ်သည်။

ကလောဒေသတွင်း ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပိုက်ဆံကတော့ ဂိတ် တိုင်း ပေးရတယ်။ အရင်ကတော့ ပင်မဂိတ်ကြီးတွေပဲ တောင်းတာ။ အခုက ဂိတ်တိုင်းမှာ တောင်းနေတာ။ ပစ္စည်းတွေ ဖောက်စစ်တယ်။ ဘာမှမပါမှန်းလည်း သိရော တောင်းတော့တာပဲ။ အလှူရှင်တွေမှာ ပစ္စည်း ပြန် ထုတ်ပိုးရတာနဲ့ နှောင့်နှေးကြန့်ကြာမှု ဖြစ်ကုန်ရော ဟု ပြောသည်။

လက်ရှိ တောင်းရမ်းနေသည့် ဂိတ်များမှာ ပင်းတယ – ရွာငံမြို့လမ်းတစ်လျှောက်ရှိ ဂိတ်များ၊ တောင်ကြီး – အင်းလေး (အင်းလေးကန်ပတ်လမ်း အနောက်လမ်း၊ အရှေ့လမ်း) လမ်းတစ်လျှောက်ရှိ ဂိတ်များ ဖြစ်ပြီး အိမ်စီးကားများကိုပါ တောင်းရမ်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထို့အပြင် ပရဟိတအဖွဲ့များမှ လှူဒါန်းထားသည့် ပစ္စည်းများအား ၎င်းတို့မှ လှူဒါန်းထားသယောင် ဓါတ်ပုံရိုက်ယူ ခြင်း၊ ကယ်ဆယ်ရေး လုပ်နေသည့် အဖွဲ့များကြားတွင် ရောယောင်၍ ကယ်ဆယ်ရေး လုပ်နေသယောင် ဟန်ရေး ပြခြင်းများလည်း ပြုလုပ်နေသည်ဟု ဆိုကြသည်။

ပရဟိတအဖွဲ့အစည်း တာဝန်ခံများ အနေဖြင့် အဆိုပါ လုပ်ရပ်များမှာ ၎င်းတို့အတွက် ထိခိုက်မှု မရှိသော်လည်း စစ်မှုထမ်းအတွက်ပါ တိုက်ဆိုင် စစ်ဆေးနေခြင်းကြောင့် အသက်အရွယ် အကျုံးဝင်နေသည့် လူငယ်များ အနေဖြင့် သတိ ဝိရိယ ရှိကြရန် ဌာနဆိုင်ရာနှင့် နီးစပ်သည့် ဒေသတွင်း ငလျင်ဘေး ကူညီဆောင်ရွက်နေသူ တစ်ဦးက တိုက်တွန်း သည်။

တက်ပလက် စစ်တာက မြင်းကျဒိုးပြီး နောက်တစ်ဂိတ်။ ဘယ်ဖက်မှာ သူတို့ စခန်းကြီးကြီး ရှိတယ်။ အဲမှာ X-Ray လည်း ဖြတ်ရတယ်။ လူငယ်တွေဆို သေချာကို စစ်တာ။ ပေးရတာတော့ သောင်းဂဏန်းပဲ။ ဒါပေမယ့် လှူဖွယ်ပစ္စည်းပေါ် ထပ်ကောက်ရင်တော့ သိန်းဂဏန်း အသာလေးပဲ။” 

အလားတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ ရေဘေးကြုံခဲ့ရစဉ်သည့် အချိန်များတွင်လည်း စစ်ကောင်စီတပ်များက ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တစ်ကြောနှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသများ၌ လှူဖွယ်ပစ္စည်းများအပေါ် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သေးသည်။ 

ရှမ်းပြည် တောင်ပိုင်းရှိ ကလော၊ အောင်ပန်း၊ အင်းလေး စသည့်ဒေသများတွင် ယခင်က ရေဘေးကြုံခဲ့ဖူးသည့် အပြင် ၂၀၂၅ ခုနှစ်တွင်လည်း ငလျင်ဘေးကြောင့် လူနေအိမ် ထောင်ချီ ပျက်စီးခဲ့ရသည် ဖြစ်ရာ လက်ရှိ ပြန်လည် ထူထောင်ရေး ကာလအတွက် အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။