ငွေကောက်ပြန်လာသည့် စခန်းမှူးအပါ ရဲသုံးဦး တိုက်ခိုက်ခံရပြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
ကော့သောင်းခရိုင်အတွင်း လစဥ်ကြေးကောက် ပြန်လာသည့်ရဲကား တိုက်ခိုက်ခံရပြီး ရဲစခန်းမှူးအပါသုံးဦး သေဆုံးခဲ့သည်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးတွင် လစဥ်ကြေးကောက်ခံရာမှ ပြန်
လာသည့် မာရမ်းတိုက်နယ် ရဲစခန်းမှူးနှင့်အဖွဲ့ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တာဝန်ရှိသူက “ဆိုင်ကယ်နဲ့ နှစ်ယောက်က အရှေ့က လာတယ်။ နောက်ကကားပေါ်မှာက စခန်းမှူးနဲ့ ၃ ယောက်စီးလာကြတာ။ ဆိုင်ကယ်နဲ့ ၂ ယောက်မှာ တစ်ယောက်က ဒဏ်ရာရပြီး နှစ်ယောက်စလုံးက လွတ်သွားတယ်။ ကားကိုပဲ အဓိက ထားပစ်တာဆိုတော့ ကား ပေါ်ကလူ အကုန် သေသွားတာ။ ကားကလည်း ချောက်ထဲ ထိုးကျသွားတာမို့ ပစ္စည်းတွေပဲ သိမ်းလာတာ” ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထိုင်း – မြန်မာ နယ်စပ် ရှမ်းကိုးကျေးရွာ အခြေစိုက် မာရမ်းရဲစခန်းမှူး ရဲအုပ် မင်းအောင်စိုး၊ ဒုရဲအုပ် မျိုးလင်းကို နှင့် ဒုတပ်ကြပ် စည်သူတို့ ၃ ဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်တူး (ဒဏ် ရာရရှိ) နှင့် ရဲတပ်သား တစ်ဦးတို့ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ကော့သောင်း ပကဖ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကို ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးချမ်းသာကျေးရွာမှ ဆက်ကြေးကောက်ပြီး ကားဖြင့် ပြန်လာသည့် ရဲစခန်းမှူး ရဲအုပ် မင်းအောင်စိုး အပါအဝင် ရဲငါးဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှု အတွင်းမှ ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုးအစား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ကျည်ဆံ ၅၀ တောင့်၊ ၆ လုံးပြူး သေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ငွေ ၂၅၀၀၀ ကျပ် တို့ကို သိမ်း ဆည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့မှာ အေးချမ်းသာကျေးရွာရှိ လူကုန်ကူးသူများ၊ ရာဘာ အဝယ်ဒိုင်များနှင့် မူးယစ် ဆေးဝါး ရောင်းဝယ်သူများထံမှ လစဉ် ငွေကြေးကောက်ယူလျက် ရှိနေသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ ပကဖ အဖွဲ့မှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟု ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တာဝန်ရှိသူက သည်။
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကလည်း ဆိပ်ဖူးကျေးရွာမှ လုပ်ငန်းရှင်များနှင့် ကျေးရွာသားများထံမှ လ
စဥ်ကြေး ပေးဆောင်ရန် ပြောကြားပြီး ပြန်လာသည့် ရဲတပ်ကြပ် နေစိုးဦးနှင့် အပေါင်းပါတစ်ဦးတို့မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှု ခံရပြီး သေဆုံးခဲ့သေးသည်။
ရှမ်းကိုးကျေးရွာ အုပ်စုရှိ မာရမ်းကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့မှာ ထိုင်း-မြန်မာ နယ်စပ် ရနောင်းခရိုင်နှင့် ကပ်လျက် ပါချန်မြစ်နံဘေးတွင် တည်ရှိနေသည့် ကျေးရွာများ ဖြစ်ကြသည်။