ငလျင် ဘေးဒုက္ခ ကာလအတွင်း ဗုံးကြဲမှုနှင့် လက်နက်ကြီးကြောင့် အရပ်သား ၇၀ ကျော် သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

အင်အားပြင်း ငလျင်လှုပ်ခတ်မှု ဘေးသင့်နေချိန်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် အပါအဝင်  အရပ်သား ပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသား ညီညွှတ်‌ရေး အစိုးရ (NUG) ၏ လူ့အခွင့် အရေး ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်း အပါအဝင် မကွေးတိုင်း၊ ကချင်၊ ကရင်နီနှင့် ရှမ်းပြည်နယ် စသည့် ဒေသ ၁၂ ခုတွင် တစ်ပတ်အတွင်း စစ်တပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စုစုပေါင်း ၉၂ ကြိမ် ပြုလုပ်ခဲ့သည် ဟု NUG က ဆိုသည်။

ကရင်နီပြည်တွင်းက အခြေအနေနှင့် ပတ်သက်၍ IEC အတွင်းရေးမှူး ၂ ဦးဗညားက “မြေငလျင်လှုပ်ပြီး နောက် ပိုင်းပေါ့နော် စစ်ကောင်စီကနေ ကရင်နီမှာ အနည်းဆုံး လူထုပစ်မှတ် ရွာ ၂ ရွာကိုဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတယ် ပေါ့နော်ဟု ပြောသည်။ 

ကရင်နီပြည်တွင် မြေငလျင်ဒဏ် ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ယခုကဲ့သို့ ဆက်ပြောသည်။

ပထမတစ်ခုကတော့ ကလိလျားပေါ့နော် ဖရူဆိုမြို့နယ် ထဲမှာပေါ့နော် အခု အခေါ်အဝေါ်ဆိုရင်တော့ တော်ခူ အုပ်စု ခေါဘော်ကူမြို့နယ်ပေါ့နော် အဲ့မှာက လူထိခိုက်မှုက တစ်ယောက်နဲ့ အိမ်တစ်လုံး ပျက်စီးတယ်ပေါ့နော်။ ပေါင် ၅၀၀နဲ့ ဗုံး ၃လုံး လာကြဲသွားတယ်ပေါ့နော်။ နောက်ပြီးတော့မှ ပီကင်းကောခူပေါ့နော် လွိုင်ကော် – မိုးဗြဲ အစပ်လေးမှာ မနက်ပိုင်းမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ ဦး ထိခိုက်ဒဏ်ရာရ ပြီးတော့မှ ၁ ဦး ဆုံးတယ် ပေါ့နော်။ ပြီး ညနေခင်း ၃နာရီလောက်မှာ နောက်တစ်ကြိမ် လေယဥ်နဲ့ ဗုံးလာကြဲတဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထု ၄ ဦး ဆုံးသွားပါတယ်။ အိမ် အပျက်အစီးကတော့ အဲ့မှာတော့ ၅ လုံး ရှိတယ်ပေါ့နော်။ 

မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၈ ရက်နေ့အထိ မြေငလျင်ဒဏ် ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀ ဦး အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု NUG ၏ လူ့အခွင့်အရေး ဆိုင်ရာ၀န်ကြီးဌာနက အတည်ပြု ရရှိထားသော အချက်အလက်များ အရ သိရသည်။ 

သို့သော် သေဆုံးထိခိုက်မှုများသည် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ပြီး ထပ်တိုးစာရင်းများ ရှိနိုင်သည်ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ရက်နေ့အထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသော်လည်း ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ် ရက်ဆက် လုပ်ဆောင်နေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် – KNDF ကလည်း ထုတ်ပြန် ပြောဆိုထားသည်။