ချင်းညီနောင် အဖွဲ့က ဖလမ်းမြို့သိမ်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
ဖလမ်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ချင်းပြည် အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်အာဏာရှင် အမြစ် ပြတ်ရေးအတွက် မဟာမိတ်များနှင့်အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟုချင်းညီနောင်အဖွဲ့ (CB) က ပြောဆိုလိုက်သည်။
ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ချင်းပြည်အနေနဲ့ရော တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ရော မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင် အမြစ်ပြုတ်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ပြောသည်။
ချင်းညီနောင်အဖွဲ့ (CB) သည် မဟာမိတ်များ၏ အကူညီများဖြင့် ချင်းပြည် အတွင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေးမြို့များကို သိမ်းပိုက်ထားပြီးနောက် ဖလမ်းမြို့ကိုလည်း ဆက်လက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆလိုင်းယောမာန်က “မဟာမိတ်တွေရှိထားခြင်း မဟာမိတ်တွေ ပူးပေါင်းခြင်း အားဖြင့်ပေါ့နော် ချင်းညီနောင် အနေနဲ့ ဒီဟာတွေကို သိမ်းနိုင်တာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတစ်ရာခိုင်နှုန်း အပြည့် ဖြစ်တယ်ပေါ့နော်။ မြို့သိမ်းတယ်ဆိုတာ ရေရှည် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရတဲ့ ကာလဆိုတော့လေနော်” ဟု ဆက်ပြောသည်။
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၅ လကြာ အချိန်ယူ တိုက်ခိုက်ခဲ့ရသော ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် အာရက္ခတပ်တော် AA မှ လက်နက် ခဲယမ်းများနှင့် စစ်ရေး အကြံပြုချက်များရရှိခဲ့ပြီး စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ဖွဲ့စည်းပေါ်ပေါက်လာသော တော်လှန်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ဖလမ်းမြို့အား သိမ်းပိုက်နိုင်ခဲ့ သည်ဟု ဆလိုင်းယောမာန်က ဆက်ပြောသည်။
“မဟာမိတ်တွေဆီကတော့ တောက်လျောက် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ထုတ်ပြန်ထားတဲ့ အတိုင်း မဟာမိတ် တွေကဒီ ၁၅ ဖွဲ့ ၁၆ ဖွဲ့လောက်ပေါ့နော် တော်တော်များများ မဟာမိတ်တွေပါတယ် ပေါ့နော်။ AA တွေကတော့ လက်နက်ခဲယမ်း ကူညီတယ်။ စစ်ရေးအကြံဉာဏ် ပေးတာမျိုးတွေ ကူညီခဲ့တယ်ပေါ့နော်။”
ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ အပါအဝင် 96 Soldiers PDF, Anti-Fascist Internationalist Front (AIF), Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF :), Generation Z Army (GZA), Giant Revolution Force (GRF), Harmonious Northern Brothers (HNB), Kalay Revolution Force (KRF), Kalay Urban Guerrilla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA), Revolution Ambulance Wolf (RAW Medical Team), Sagaing Federal Troop (SFT- :), Yaw Defense Force (YDF), Zo Army (ZA), ကလေးခရိုင် ပကဖနှင့် Drone အဖွဲ့တို့ ပါဝင် ကူညီတိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီဖက်ကလည်း ဖလမ်းမြို့ မကျစေရေးအတွက် ရှိရင်း ခလရ (၂၆၈) တပ်ရင်း အင်အားအပြင် ၂ဝ၂၄ ဒီဇင်ဘာလတွင် ခလရ (၈၉) မှ စစ်ကူ အင်အား (၁ဝဝ) ဝန်းကျင်နှင့် ၂ဝ၂၅ မတ်လတွင် တပ်မ (၇၇) လက်အောက်ခံ ခလရ (၃၉၁) မှ စစ်ကူအင်အား (၁ဝဝ) ခန့်ဖြင့် အင်အားအကြိမ်ကြိမ် ထပ်မံဖြည့်တင်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၁ဝဝဝ ကျော်ဖြင့် အပြင်းအထန် ခုခံခဲ့ သော်လည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေ အဖြစ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ CB က ထုတ်ပြန်ထားသည်။