နောင်ချို အုမ္မတီးရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက အုမ္မတိးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲ တိုက် ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။
ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီကျော် အချိန်ခန့်တွင် အုမ္မတီးကျေးရွာထဲကို လေကြောင်းမှ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “ပျက်စီး ဆုံးရှုံးမှုက အတိအကျတော့ မသိရသေးဘူး။ အိမ် ၅ လုံး – ၆ လုံးတော့ ထိတယ်လို့ ပြောတယ်။ ဂျက်ဖိုက်တာနဲ့ ၁၀ နာရီကျော် ဒီ ၁၀ ခွဲလောက်မှာ ၂ ကြိမ်လာကြဲသွားတာ။ တိုက်ပွဲကလည်း ဖြစ်နေတုန်း။ တော်တော်လေးကို ဖြစ်နေတာ။ ဆက်တိုက်ပဲ အုမ္မတီးရွာဘက်မှာ ပြင်းထန်နေ တယ်” ဟု ပြောသည်။
အရပ်သား ကျေးရွာများအား ရည်ရွယ်ချက် ရှိရှိဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်နေခြင်း ဖြစ်သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။
စစ်ကောင်စီတပ်မှ အပစ်ရပ် ရက် ၂၀ ပြည့်နေ့တွင် အုမ္မတီးကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူနေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။
အလားတူ ဧပြီလ ၂၁ ရက်နေ့ကလည်း တောင်ခမ်းကျေးရွာရှိ ၉ဝ၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅) လုံးလာရောက်ကြဲချခဲ့သည်ဟု PSLF/TNLA က ဆိုသည်။
ထိုအဆိပ်ငွေ့ဗုံးကြောင့် TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
TNLA တပ်ဖွဲ့ဝင်များသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း အစရှိသည့် ဝေဒနာများကို ခံစားနေရပြီး ဆေးကုသမှုခံယူနေကြရသည်။
တောင်းခမ်းကျေးရွာ အနီးအနားက တအာင်းတပ် TNLA နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ် DPLA တပ်ဖွဲ့ ဝင်များ ရှိနိုင်သည်ဟု ယူဆရသော နေရာများကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်နေ သည်ဟု DPLA ကလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက သဘာဝဘေးကြောင့် အပစ်ရပ်ကြောင်း ကြေညာထားပြီး ဧပြီလ ၂၂ ရက်နေ့တွင်လည်း အပစ်ရပ် ကာလ သက်တမ်းတိုးခြင်းများ ဆက်လုပ်နေပေမယ့် နိုင်ငံတဝန်းမှာ လေကြောင်းမှာ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆက်လုပ်လျှက်ရှိသည်။