MNDAA နှင့် စစ်ရေးထိတွေ့မှု တင်းမာမှုများကို တွေ့ဆုံဆွေးနွေးမည်ဟု SSPP ပြော။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ရှမ်းပြည်တိုးတက်ရေးပ်တီ SSPP နှင့် MNDAA တို့ နှစ်ဖက် စစ်ရေးထိတွေ့မှု စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမည်ဟု SSPP က ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကိုးကန့်တပ် MNDAA တို့ အကြား ဧပြီလ ၂၈ နှင့် ၂၉ ရက် ၂ ရက်တာ အတွင်း စစ်ရေးထိတွေ့မှု ၈ နေရာ နှင့် ရုန်းရင်းဆန်ခတ်ထိုးကြိမ် ဖမ်းဆီးမှု ၂၄ ကြိမ်ရှိခဲ့ပြီး နှစ်ဖက် ရဲဘော်များ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစ၍ SSPP အုပ်ချုပ်ရေး နယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ် သန်းလာခဲ့ ကြသော MNDAA အောက်ခြေတပ်ဖွဲ့များနှင့် SSPP အောက်ခြေတပ်ဖွဲ့များ၏ ဘာသာစကား ပေါက်ကြားမှုအား နည်းခြင်း၊ SSPP နယ်မြေအတွင်းသို့ MNDAA တပ်ဖွဲ့များ ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုမှ တရားဝင် အကြောင်းကြားမှု အားနည်းခြင်းတို့ကြောင့် နှစ်ဖက်အောက်ခြေတပ်များ မကျေမချမ်းမှုမှ စတင်ကာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈၊ ၂၉ ရက်နေ့များတွင် မလိုလားအပ်သော ရုပ်ဆိုးအကျည်းတန်သော ထိပ်တိုက်ဖြစ်ပွား မှုများ ဖြစ်ပွားခဲ့ရသည်ဟု SSPP က ပြောသည်။
အခြားသော သတင်းရင်းမြစ်များအဆိုအရ ကိုးကန့်တပ် MNDAA က SSPP ၏ သီပေါမြို့နယ်ရှိ နမ့်မ ကျောက်မီးသွေးတွင်းတည်ရှိရာ နေရာကိုလည်း အင်အားသုံးဝင်ရောက် သိမ်းဆည်းထားခဲ့သည်။ ယခင် SSPP ဌာနချုပ် ဖြစ်ခဲ့ပြီး အသွင်ပြောင်း ပြည်သူ့စစ်ဌာနချုပ်ဖြစ်သည့် စိန်ကျော့ကိုလည်း MNDAA တပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့သည်။
MNDAA နှင့် SSPP တို့သည် UWSP/UWSA ဝ ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်သည်။