ကျစ်လျစ်ခိုင်မာသည့် တပ်မတော်တစ်ရပ် ဖွဲ့စည်းသွားမည်ဟု ချင်းညီနောင်အဖွဲ့ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များ ပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ CB က မေလ ၁၁ ရက်နေ့(ယမန်နေ့) က ထုတ်ပြန်သည်။

ချင်းပြည်နယ်ရှိ လွတ်မြောက်နယ်မြေ တနေရာတွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ၄ ရက်တာ ပြုလုပ်ခဲ့ သည့် ချင်းညီနောင်အဖွဲ့ ၏ မြေပြင် အစည်းအဝေးတွင် ထိုသို့ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြု သည့် ချင်းပြည်အစိုးရ ပေါ်ပေါက်နိုင်ရေးအတွက် တန်းတူညီမျှခြင်း၊တရားမျှတခြင်း၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခြင်း၊ အစရှိသော ဒီမိုကရေစီ စံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ချင်းနောင်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပြည်တွင်း မဟာမိတ် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ သော် လည်းကောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးနှင့် လူမှု စီးပွား ရေး မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အခြေခံ သဘောတူ ညီချက်များ ချမှတ်ခဲ့ကြသည်ဟု ပါရှိသည်။

အလားတူ ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းမိမ်များကို ကာကွယ်သွားမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး အစရှိသည့်  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်ခဲ့ကြသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။